အပစ်ရပ် လားဟူ အဖွဲ့ ဖွံ့ဖြိုးရေးနှင့် လူထုစည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်

အပစ်ရပ် လားဟူ အဖွဲ့ ဖွံ့ဖြိုးရေးနှင့် လူထုစည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် လားဟူ လူထုတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေး နှင့် ဖွံ့ဖြိုးရေး ကိစ္စများ အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေး ဆုံးဖြတ်သွားမည်ဟု LDU ခေါင်းဆောင်ပိုင်းက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန္နဝါရီလ ၁၅ ရက်တွင် စတင်ကျင်းပသည့် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ပတ်သက်သည့် အခြေအနေ များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကျင်းပရေးကိစ္စ ရပ်များအား ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေး တက်ရောက်သော ကိုယ်စားလှယ်များက ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်နိုင်ရေးကိစ္စ များနှင့် ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် LDU ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေး ကိစ္စ များအား ဆွေးနွေးအတည်ပြုသွားရန် ရှိသည်ဟုလည်း ပြောသည်။

နှစ်ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး မစတင်မှီ လားဟူဒေသအတွင်း လူထုတွေ့ဆုံပွဲများ ပြုလုပ်နိုင်ရေး ဆွေးနွေး သတ်မှတ်သွားဖို့ရှိပြီး လားဟူဒေသတွင်း ဖွံ့ဖြိုးရေး ကိစ္စများကိုလည်း အကောင်အထည်ဖော်နိုင်ရန် ဆုံးဖြတ်သွားမည် ဖြစ်သည်ဟု ဆွေးနွေးပွဲ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ပြောသည်။

ယခု အစည်းအဝေးတွင် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ညီလာခံ ကျင်းပရေး ကိစ္စ နှင့် လာမည့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရေး ကိစ္စ များကိုလည်း ထည့်သွင်းဆွေးနွေး ဆုံးဖြတ်သွားရန်ရှိသည်ဟု ဆိုသည်။

လားဟူ ဒီမိုကရက်တစ် အစည်းအရုံး ( Lahu Democratic Union) အဖွဲ့သည် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA ကို မွန်ပြည်သစ်ပါတီ NMSP အဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...