DMG သတင်းအဖွဲ့က စုစည်းသည်။
စစ်၏အကျိုးဆက်ကြောင့်၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း အရပ်သား(၄)ဦး သေဆုံးပြီး (၁၆)ဦး ဒဏ်ရာရရှိသွားသည်။ ထို့အပြင် အရပ်သား (၅)ဦး ဖမ်းဆီးခံရမှုရှိပြီး မြို့နယ် (၅)ခုတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
အရပ်သားထိခိုက်မှု
ဒီဇင်ဘာလ (၁)ရက်နေ့
မြောက်ဦးမြို့နယ်၊ လျှာရှည်ပြင်ကျေးရွာမှာ ဒီဇင်ဘာလ (၁)ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကြီးကျည်ကျရောက်မှုကြောင့် လူ(၅)ဦး ဒဏ်ရာရရှိသွားသည်။ ၎င်းတို့မှာ မောင်အောင်ဖြိုးထက် (၂ နှစ်)၊ မောင်ဌေးသန်းဇော် (၁၀ နှစ်)၊ မနှင်းနွယ်သန်း (၁၂ နှစ်)၊ မအေးကြည်ဌေး (၂၂ နှစ်)နှင့် မသန်းညွန့်ဌေး (၂၅ နှစ်) တို့ဖြစ်သည်။
တပ်မတော်က ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင် များကပြောသည်။ ရက္ခိုင့်တပ်တော် (AA)က ရွာအတွင်းမှပစ်ခတ်၍ ပစ်ခတ်မှုပြုလုပ်ခဲ့ရပြီး ဒဏ်ရာရရှိမှုမှာ မည်သူ့လက်ချက်ကြောင့် မသိဟု တပ်မတော်ဘက်က ပြောသည်။
ဒီဇင်ဘာလ (၂)ရက်နေ့
၁။ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်တွင် ဒီဇင်ဘာလ ၂ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ (၆) ဦး ဒဏ်ရာ ရရှိသွားသည်။
၅၄၀ တပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆန်ကြောင့် သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဟု ဒေသခံတစ်ချို့ကပြောသည်။ သို့သော် ကောက်ယူလာသည့် ဗုံးသီးဟောင်းအား ကျောက်ခဲဖြင့် ထုနှက်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ ထိုသို့ဖြစ်ပွားခဲ့ခြင်းဟု တပ်မတော်ဘက်က တုန့်ပြန်ခဲ့သည်။
၂။ မြောက်မြို့နယ်၊ ရမ်းချောင်းဖျားတောင်တန်းတွင် ဒီဇင်ဘာလ ၂ ရက်၊ နေ့လယ်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသောကြောင့် ကျည်ဆန်ထိမှန်၍ ရွာသားသုံးဦး ဒဏ်ရာရရှိသွားသည်။ မစန္ဒာဝင်း (၂၂)နှစ်၊ မောင်ဘထွန်း(၁၈)နှစ်နှင့် မနန္ဒာမိုး (၁၃)နှစ်တို့ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
၃။ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ မွတ်ဆလင်တစ်ဦး ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် (၁၁)နာရီကျော်ခန့်က ကျေးရွာအနီးတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိသောကြောင့် ဘယ်ခြေထောက် လုံးဝပြတ်ထွက်သွားပြီး ညာခြေထောက်မှာ ပြင်းထန်စွာဒဏ်ရာ ရရှိသွားသည်။ မိုင်းနင်းမိသူမှာ အသက် (၂၄)အရွယ် ဘော်ချီးအာမော်ဖြစ်သည်။
ဒီဇင်ဘာလ (၆)ရက်နေ့
၁။ ကျောက်တော်မြို့တွင် ဒီဇင်ဘာလ ၆ ရက် ၊ နံနက် (၉)နာရီ အချိန်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အသက် (၉) နှစ်အရွယ် (၃) တန်းကျောင်းသား မောင်ကျော်မင်းမြတ် သေဆုံးသွားသည်။ တပ်မတော်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု မိသားစုဘက်က ပြောဆိုထားသည်။
လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ် ရှိခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ရသည်။ ထိုသို့ပစ်ခတ်မှုများအတွင်း သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု တပ်မတော်က မီဒီယာတစ်ချို့ကို ဖြေကြားထားသည်။
၂။ ကျောက်တော်မြို့၊ ပိုက်သည် (မွတ်ဆလင်ရွာ)တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကိုလည်း ဒီဇင်ဘာလ (၆) ရက်နေ့က ကျည်ဆန်ထိမှန်သွားကာ ခါးတွင်ဒဏ်ရာရရှိသွားသည်။
ဖမ်းဆီးစစ်ဆေးခံရမှု
ဒီဇင်ဘာလ (၃)ရက်နေ့
ရသေ့တောင်မြို့နယ်၊ ကုန်တန်းကျေးရွာကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ဒီဇင်ဘာလ (၃)ရက်နေ့တွင် စစ်ဆေးမှုပြုလုပ်ပြီး ကျောင်းဆရာ ဦးကျော်ဆန်းနိုင် (အသက် ၃၄ နှစ်)၊ ကျောင်းစာရေး ဦးနေဇော်ထွန်း (အသက် ၂၈ နှစ်)တို့ကို ဖမ်းဆီးသွားကာ မောင်တောရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေသည်ဟု မိသားစုဝင်များကပြောသည်။
ဒီဇင်ဘာလ (၄)ရက်နေ့
ရက္ခိုင့်တပ်တော်(AA)စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး မနှင်းဇာဖြူ၊ သမီးဖြစ်သူ စောပြည့်သျှင်( ၁၁ နှစ်) နှင့် သားဖြစ်သူ မြတ်လင်းဇံ(၁ နှစ်ကျော်)တို့ကို ဒီဇင်ဘာလ (၄)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနက ဗီဇာသက်တမ်းလာတိုးချိန်တွင် ဖမ်းဆီးလိုက်သည်။
တိုက်ပွဲသတင်းများ
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဒီဇင်ဘာလ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အထိ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။
(DMG သတင်းအဖွဲ့က စုစည်းသည်။)







