တပ်သိမ်းမြေကြောင့် ဒေါဆိုရှေ့တောင်သူများ စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရ

တပ်သိမ်းမြေကြောင့် ဒေါဆိုရှေ့တောင်သူများ စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရ

မီမြာ — ကယားပြည်နယ် ဒီးမော့ဆိုမြို့ တပ်မတော်အမြောက်တပ် (၃၆၀)က ဒေါဆိုရှေ့ကျေးရွာတောင်သူများ၏ မြေယာများကို တပ်သိမ်းမြေအဖြစ် သိမ်းလိုက်သည့်အတွက် တောင်သူများ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံနေရသည်။

တောင်ယာအလုပ်ကိုသာ လုပ်ကိုင်လာခဲ့ကြသည့်အတွက် တောင်ယာ အလုပ်အပြင် အခြားအလုပ်ကို မလုပ်ကိုင်နိုင်ကြောင်း၊ မြေယာ ပြန်မရလျှင် အခြား လုပ်ကိုင်စားသောက်ရန် မြေယာလည်းမရှိတော့ကြောင်း သိရသည်။

“ကျနော်တို့ ဒါမှပြန်မရဘူးဆိုလို့ရှိရင် အခြားလုပ်ကိုင်စားသောက်ဖို့ မြေယာလည်း ဘာမှမရှိဘူး” ဟု တောင်သူဦးပါးရယ်ကဆိုသည်။

စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးများအတွက် စိုက်ပျိုးမြေကိုသာ တောင်သူများ မှီခိုအားထားနေကြသည်။

ထို့ကြောင့် သိမ်းထားသော မြေယာများ ပြန်လည်ရရှိရန် အလိုရှိနေကြသည်။

“ကျမတို့က ဒီမြေနဲ့ပဲ အသက်ရှင်နေတော့ ဒီမြေလေးပြန်ရဖို့ တောင်းဆိုချင်တယ်၊ ဒီမြေက ကျမတို့အတွက် အနာဂတ်ဖြစ်နေလို့ပါ၊ အခုက မြေအသိမ်းခံလိုက်ရတော့ စားဝတ်နေရေးအတွက် အရမ်းခက်ခဲသွားမှာ” ဟု ဒေါ်မာတီးနာကပြောသည်။

၂၀၀၄ခုနှစ်တွင် မြေယာများကို စစ်တပ်က စတင်သိမ်းဆည်းခဲ့ပြီး တောင်သူများက မိမိတို့ဘိုးဘွားစဉ်ဆက်မှ လုပ်ကိုင်လာသည့် မြေယာများဖြစ်သည့်အတွက် ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။

စစ်တပ်က ၂၀၁၄ခုနှစ်မှစပြီး မလုပ်ရန်တားမြစ်ထားသော်လည်း တောင်သူများက ဆက်လက်လုပ်ကိုင်သောကြောင့် တရားစွဲခံကြရသည်။

အိမ်ထောင်ဦးစီးအများစုမှာ တရားစွဲဆိုခံရသည့်အတွက် အမျိုးသမီး ကလေးများနှင့် သက်ကြီးရွယ်အိုများသာ ကျန်သည့်အတွက် အားကိုးရာမဲ့ဖြစ်နေကြကြောင်း၊ သားသမီးများ၏ ပညာရေးကိုလည်း ထိခိုက်လာကြောင်း ကရင်နီ တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ဦးတူရယ်ကဆိုသည်။

“မြေတွေကိုလည်း သိမ်းတယ်။ တောင်သူတွေကိုလည်း တရားစွဲတယ်။ ပြီးတော့ ထောင်လည်းချတယ်ဆိုတော့ တောင်သူတွေအတွက် အများကြီးအခက်အခဲ ဖြစ်သွားတယ်”ဟု ဦးတူရယ်က ဆက်ပြောသည်။

သိမ်းထားသောမြေဧကကို တိကျစွာမသိသော်လည်း တရားရုံးတွင် စစ်တပ်ဗိုလ်ကြီးတစ်ဦးက ၅၆၉ဧက သိမ်းထားကြောင်းထွက်ဆိုထားသည်ဟု ၎င်းကပြောသည်။

မြေများကို အဆောက်အဦးနဲ့လျာထားသည်ကိုလည်း တရားရုံးတွင် ထွက်ဆိုထားကြောင်း တောင်သူဦးပါးရယ်က ပြောသည်။

ဒေါဆိုရှေ့ရွာတွင် အိမ်ထောင်စု ၂၇ စုရှိပြီး ၁၅ စုထဲက အိမ်ထောင်ဦးစီးများမှာ တရားစွဲခံနေကြရသည်။

ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ပိုင်နက်ကျူးလွန်မှုနှင့် ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆၁ ဖြင့် တပ်က တောင်သူ ၁၅ ဦးကို တရားစွဲပြီး ၉ ဦးမှာ အချုပ်ကျခံနေရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...