ဥပဒေများသည် ပြည်သူကို ကာကွယ်ခြင်းမရှိဟု ကရင်နီလူငယ်များပြော

ဥပဒေများသည် ပြည်သူကို ကာကွယ်ခြင်းမရှိဟု ကရင်နီလူငယ်များပြော

ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနှင့် ဆက်နွယ်ပြီး တရားစွဲခံထားရသည့် ကရင်နီ လူငယ်များက တည်ဆဲ ဥပဒေများသည် ပြည်သူလူထုကို အကာအကွယ်မပေးပဲ အုပ်ချုပ်သည့် အစိုးရကိုသာ အကာအကွယ်ပေးနေကြောင်း ပြောလိုက်သည်။

အောက်တိုဘာလ ၁၇ ရက်နေ့က ၁၆ ကြိမ်မြောက် ကရင်နီလူငယ် ၆ ဦး၏ တရားရုံး ထုတ်သည့်အချိန်တွင် တရားစွဲဆိုခံထားရသည့် ကရင်နီ လူငယ် ၆ ဦးထဲမှ တစ်ဦးဖြစ်သူ ခူးရီဒူး က “အခုလက်ရှိ ဥပဒေက အုပ်ချုပ်ခံသူဖြစ်တဲ့ ပြည်သူလူထုတွေကို ကာကွယ်ပေးနေတာ မဟုတ်ပဲနဲ့ အုပ်ချုပ် သူဖြစ်တဲ့ အစိုးရမင်း လုပ်တဲ့သူတွေကို ကာကွယ်ပေးနေတဲ့ ဥပဒေဖြစ်နေတယ်။ အကုန်လုံးပြောရ မယ်ဆိုရင် တစ်ဖက်သတ် ဥပဒေဖြစ်နေတယ်” ဟု ပြောသည်။

ကရင်နီလူငယ် ၆ ဦး၏ အောက်တိုဘာလ ၁၇ ရက်နေ့ ၁၆ ကြိမ်မြောက် ရုံးချိန်းတွင် နောက်ဆုံး ကျန်ရှိနေသည့် တရားခံပြသက်သေ ၂ ဦးကို အပြီးသတ် စစ်ဆေးခဲ့ပြီး နောက်လာမည့် ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲ ချက် ပေးကာ အမိန့်ချမည့်ရက်ကို သတ်မှတ်သွားမည်ဖြစ်သည်။ နောက်တစ်ကြိမ် ရုံးချိန်းကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားသည်ဟု သိရသည်။

ကရင်နီလူငယ် ၆ ဦးအနေဖြင့် တစ်စုံတစ်ရာသော ဥပဒေများကို ချိုးဖောက်ခဲ့ခြင်း မရှိပဲ မတရား တရားစွဲဆိုခံ ရခြင်းဖြစ်ကြောင်း၊ လက်ရှိဥပဒေများသည် တရားမျှတမှုမရှိပဲ တစ်ဖက်သတ် ရေးဆွဲထားသည့် ပုံစံမျိုးဖြစ် နေသည်ဟု ကရင်နီလူငယ်များက ပြောသည်။

“တစ်ဖက်ကဖြစ်တဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုဟာ ၁၉၆၂ ခုနှစ်မော်ကွန်းထိန်း ဥပဒေကို ချိုးဖောက်တယ်။ ဌာနေတိုင်းရင်းသား လူနည်းစု အခွင့် အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်။ လူ့အခွင့်အရေးကို ချိုးဖောက်တယ်” ဟု ခူးရီဒူးက ပြောသည်။

အဆိုပါ ချိုးဖောက်မှုအတွက် အထက်တာဝန်ရှိသူများက တစ်စုံတရာ အရေးယူမှု မပြုကြောင့် ခူးရီဒူးက ယခု လိုဆက်ပြောသည်။

“သို့သော်လည်းပဲ သူတို့ ဥပဒေကို ချိုးဖောက် သွားတဲ့အပေါ်မှာ ယနေ့ အထက်တာဝန်ရှိတဲ့သူတွေ သော်လည်း ကောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်သော်လည်းကောင်း၊ သမ္မတ ကိုယ်တိုင်သော်လည်းကောင်း ဒီအပေါ်မှာ ထိရောက်တဲ့ စုံစမ်းအရေးယူ မှုတွေ မပြုလုပ်ဘူး။ ဘာကြောင့် မပြုလုပ်ဘူးဆိုလို့ရှိရင် ကျနော်တို့ လူငယ်တွေအ နေနဲ့ များစွာ သံသယ ရှိပါ တယ်”

ထို့အပြင် ကယားပြည်နယ် အစိုးရအနေဖြင့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ကိစ္စနှင့် ပတ်သက်၍ ချည်းကပ်မှု ပြုလုပ် ရာတွင် တစ်ဖက်သတ် အနိုင်ရရှိရေးကိုသာ ရှေ့ ရှု့ ပြီး တရားစွဲဆိုမှုနှင့် အကျဉ်းချသည့် နည်းလမ်းကိုသာ လုပ် ဆောင်ခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်း ကရင်နီလူငယ်များက ပြောသည်။

သို့ရာတွင် ကရင်နီလူငယ်ထု အနေဖြင့် အမှန်တရားကို ကိုင်စွဲပြီး တန်းတူရေး တရားမျှတရေးနှင့် လွတ်လပ်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

ကယားပြည်နယ် အစိုးရ၏ ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ကရင်နီလူငယ် ၆ ဦးမှာ ခူးကြူးဖဲကေး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။

၎င်းတို့ ၆ ဦးကို ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ (၉) ကြိမ်မြောက် ရုံချိန်းတွင် လွိုင်ကော်မြို့နယ် တရားရုံးမှ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားရုံးက စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာ ရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသား များ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများကြား စည်းလုံးညီညွတ်မှုများကို ပြိုကွဲစေ သည်သာမက ကရင်နီသမိုင်းအားလည်း ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာ ကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရကာ နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

၎င်းတို့ ၆ ဦးအနေဖြင့် နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် ပြစ်မှုထင်ရှားကြောင်း တရားစီရင်ခြင်း ခံရပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ ကျခံရ နိုင်သည့်အပြင် ငွေဒဏ်အားဖြင့် ၃ သိန်းမှ ၁၅ သိန်းအထိ ချမှတ်နိုင်သည်ဟု သိရသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...