မွန်ပြည်နယ်အတွင်း မြေပြိုနိုင်သည့်နေရာ ၂၁ နေရာ တွေ့ရှိထား

မွန်ပြည်နယ်အတွင်း မြေပြိုနိုင်သည့်နေရာ ၂၁ နေရာ တွေ့ရှိထား

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း မြေပြိုမှု ဖြစ်ပွားနိုင်သည့် နေရာ ၂၁ နေရာ တွေ့ရှိထားသည်ဟု ပြည်နယ် အစိုးရက ပြောသည်။

သြဂုတ်လအတွင်းက ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မလတ်တောင်အပါအဝင် ပေါင်မြို့နယ်အတွင်းရှိ တောင်တန်းများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖွဲ့စည်းတာဝန်ပေးထားသည့် ဘူမိဗေဒကျွမ်းကျင်ပညာရှင်များ ပါသည့်များ အဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု  မွန်ပြည်နယ်အစိုးရ အဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“ပညာရှင်တွေရဲ့ ကွင်းဆင်းစစ်ဆေးထားချက်အရ ပေါင်မြို့နယ်မှာ မြေပြိုမှုဖြစ်နိုင်တဲ့နေရာက ၂၁ နေရာရှိနေ ပါတယ်၊ အရင်ကမြေပြိုဖူးတဲ့နေရာ ၁၄ နေရာရှိပါတယ် အဲဒီ ၁၄ နေရာက နောက်ထပ်မြေပြိုမှုအလားလာ ပိုများတယ်”

၎င်းအပြင် မုတ္တမကြိုးဝိုင်းတောင်တွင်လည်း ပြတ်ရွှေ့တော်တော်များများ တွေ့ရှိရပြီး ပြတ်ရွေ့များသည် မြေပြိုမှုကို ဖြစ်စေနိုင်သည့် အကြောင်းအရင်းတစ်ခုဖြစ်သည်ဟု ဝန်ကြီးက ဆက်ပြောသည်။

ပေါင်မြို့နယ် မြေပြိုမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ထားမှုအခြေအနေနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ မေးမြန်းမှုအပေါ် ဝန်ကြီးက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပေါင်မြို့နယ်ရှိ တောင်တန်းများအား ဘူမိဗေဒကျွမ်းကျင်ပညာရှင်များပါသည့်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးထားကြောင်းနှင့် အဆိုပါအဖွဲ့၏ တွေ့ရှိချက် သုံးသပ်ချက် အကြံပြုချက်များအပေါ် ဒေသခံပြည်သူများအား အသိပညာပေးခြင်း ပြောင်းရွှေ့ခြင်းဖြင့် ဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီးက ဆက်ပြောသည်။

မြင့်မားမတ်စောက်သော တောင်စောင်းများပေါ်တွင် လူနေအိမ်များ တည်ဆောက်ထားခြင်းနှင့် တောင်ခြေတွင် ကပ်၍ နေထိုင်ခြင်း တောင်ခြေအား မြေတူးဖော်၍ နေရာချဲ့ခြင်းတို့အား ထိန်းချုပ်ခြင်း မြေပြိုမှုများဖြစ်ပေါ်ခဲ့ဖူးသည့် နေရာများအနီတွင် နေထိုင်ရန် မသေင့်တော်ကြောင်းလည်း ကွင်းဆင်းလေ့လာထားသည့် ဘူမိဗေဒကျွမ်းကျင်ပညာရှင်အဖွဲ့က အကြံပြုထားသည်ဟုလည်း ဝန်ကြီးက ပြောသည်။

မြေပြိုခြင်းနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ဆောင်ရန်ရှောင်ရန်နှင့် သတိပြုသင့်သည်များအား ရပ်ရွာအုပ်ချုပ်ရေးမှူးများမှတဆင့် အသိပညာပေးသင့်ပါကြောင်းလည်း ပညာရှင်အဖွဲ့က အကြံပြုထားသည်။

“မြေပြိုနိုင်တဲ့နေရာက ၂၁ နေရာရှိတယ်လို့ ဝန်ကြီးက ပြောသွားတယ် ဒါကို ပြည်သူလူထုကို တရားဝင်အသိပေးသင့်ပါတယ်၊ ဘာကြောင့်လဲဆိုရင် မြေပြိုနိုင်ခြေရှိတဲ့နေရာမှာ နေနေရင် သူတို့အသက်အန္တရာယ်စိုးရိမ်ရလို့ပါ” ဟု ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင်း သြဂုတ်လ ၉  ရက်နေ့က ပေါင်မြို့နယ် သံဖြူကုန်းကျေးရွာရှိ မလတ်တောင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူဦးရေ ၇၀ ဦး သေဆုံးခဲ့ရသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...