မြောက်ဦးစစ်ရှောင်စခန်းတစ်ခုမှာ လူဦးရေတိုးလာမှုကြောင့် ရိက္ခာအခက်အခဲကြုံ

မြောက်ဦးစစ်ရှောင်စခန်းတစ်ခုမှာ လူဦးရေတိုးလာမှုကြောင့် ရိက္ခာအခက်အခဲကြုံ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က သျှစ်သောင်းဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် သျှစ်သောင်းစစ်ဘေးရှောင်စခန်းမှာ ယခုလအတွင်း စစ်ဘေးရှောင်ဦးရေ တိုးလာသည့်အတွက် နေထိုင်စားသောက်ရေးအဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

သျှစ်သောင်းစစ်ဘေးရှောင်စခန်းမှာ ပန်းမြောင်း၊ ဝေသာလီ၊ ရွာဟောင်းတောကျေးရွာများ အပါအဝင် ကျေးရွာပေါင်း (၆) ရွာက လူဦးရေ (၅၀၀) နီးပါးနေထိုင်နေကြပြီး ယခုလအတွင်း လူဦးရေ (၃၀၀) ခန့် ထပ်တိုးခိုလှုံလာကြသည့်အတွက် နေထိုင်စားသောက်ရေးအဆင်မပြေမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေကို နေ့တိုင်းကျွေးဖို့အတွက် ပိုက်ဆံမရှိတဲ့အတွက် အခက်အခဲကြုံနေရတယ်။ သူတို့အတွက် ငါးဟင်းမပြောနဲ့ အသီးအရွက်တောင်မှ နပ်မမှန်ဘူးဖြစ်နေတယ်။” ဟု သျှစ်သောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသာတင်က DMG ကို ပြောသည်။

သျှစ်သောင်းစစ်ဘေးရှောင်စခန်းကို မတ်လ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ စခန်းလိုအပ်ချက်များအတွက် နီးစပ်ရာအသိုင်းအဝိုင်း၊ ကျေးရွာများထံက အကူအညီတောင်းခံထားသည်ဟု ဦးသာတင်က ဆက်ပြောသည်။

ဘုန်းတော်ကြီးကျောင်းအောက်တွင် ခိုလှုံနေရခြင်းဖြစ်သည့်အတွက် စစ်ဘေးရှောင် အမျိုးသမီးများမှာ ခန်းဆီးများမရှိမှု၊ အိမ်သာမလုံလောက်မှုများကြောင့် စိတ်မလုံခြုံမှုများကို ခံစားနေကြရသည်။

“သေရမှာကြောက်တာပဲလေ၊ ဒါကြောင့်ပြေးလာရတ။ ဒီမှာက လုံခြုံမှုရှိတယ်လို့တော့ မဟုတ်ဘူးပေါ့လေ။ အခန်းအကျယ်ကြီးထဲမှာ လူအများကြီး တံခါးတွေပိတ်ပြီးအိပ်ကြတယ်။ အပြင်မှာက လူကြီးပိုင်းတွေအိပ်ကြတယ်။ သူတို့အတွက်က အမိုးအကာတွေ သိပ်မရှိဘူး” ဟု လက္ကာကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီး မခိုင်သီတာက ပြောသည်။

သျှစ်သောင်းစစ်ရှောင်စခန်းကို ICRC က အဓိက ကူညီထောက်ပံ့ပေးထားပြီး မြောက်ဦးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်စခန်း ၁၅ ခုအထိရှိနေသည်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် (၆) သောင်းကျော်အထိရှိလာပြီး စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...