ဘူးသီးတောင်တွင် ပစ်ခတ်မှုကြောင့် မွတ်ဆလင်တစ်ဦး ကျည်ထိမှန်သေဆုံး

ဘူးသီးတောင်တွင် ပစ်ခတ်မှုကြောင့် မွတ်ဆလင်တစ်ဦး ကျည်ထိမှန်သေဆုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာနှင့် ကင်းချောင်းကျေးရွာအကြားရှိ တံတားအနီးတွင် တပ်မတော်စစ်ကြောင်းသွားရောက်စဉ် မိုင်းပေါက်ကွဲမှုတစ်ခု စက်တင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ မိုင်းပေါက်ကွဲပြီးနောက် တပ်မတော်စစ်ကြောင်းမှ ကျေးရွာများအား ပစ်ခတ်မှုများရှိခဲ့ပြီး ကင်းချောင်းကျေးရွာမှ နေအိမ်များတွင် ကျည်ထိမှန်မှုများရှိခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

“နေအိမ်တွေကို ကျည်ထိမှန်တာတွေရှိတယ်၊ ရွာသူရွာသားတွေ အားလုံးနီးပါး ဘူးသီးတောင်ကို ခြေလျင်ထွက်ပြေးလာကြတယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။

ကင်းချောင်းကျေးရွာတွင် လူဦးရေ ၁၀၀ ကျော်နေထိုင်ကြပြီး ပစ်ခတ်မှုကြောင့် ရွာနှင့် ၄ မိုင်ခန့် ဝေးကွာသည့် ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် သပိတ်တောင်(မွတ်ဆလင်)ရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးဖြစ်သည့် ဦးအဒူကော်ရီးမ် ၄၅ နှစ်မှာ ကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း ၎င်းကျေးရွာမှ ဦးအီနုစ်က ပြောသည်။

“မိုင်းပေါက်ပြီးတာနဲ့ ကျေးရွာတွေကိုလျှောက်ပစ်တာပါ။ ကျနော်တို့ သပိတ်တောင်(မြောက်)ရွာက တစ်ဦး ကျည်ထိမှန်ပြီးသေတယ်။ အမျိုးသမီးတစ်ဦးဒဏ်ရာရတယ်။ နောက်နွား ၂ ကောင် ကျည်ထိပြီးသေသွားပါတယ်။ တပ်ဖက်က မိုင်းထိမှန်တာတွေလည်းရှိတယ်” ဟု သပိတ်တောင်(မြောက်)ရွာမှ ဦးအီနုစ်က ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၎င်းဖြစ်စဉ်သည် တပ်မတော်စစ်ကြောင်းများကို မိုင်းထောင်ရင်း ပေါက်ကွဲမှုဖြစ်ပွားရာမှ မိုင်းထောင်သည့်သူ သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောသည်။

“ဒီကောင်တွေ မိုင်းလာထောင်တာ စစ်ကြောင်းတွေလာနိုင်တဲ့အဲ့ဒီနေရာမှာ ဒီတစ်ခါဆိုရင် ၃ ခါရှိပြီ။ နှစ်ခါက မအောင်မြင်ခဲ့ဘူး။ အခုထောင်တာက မိုင်းထောင်တဲ့သူ မကျွမ်းကျင်တဲ့အတွက် မိုင်းထောင်ရင်းနဲ့ ပေါက်ကွဲပြီး ထောင်တဲ့သူပါသေဆုံးသွားတယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

ယခုကဲ့သို့ ပစ်ခတ်မှုများကြောင့် သပိတ်တောင်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများမှာလည်း ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးလာခဲ့ရသည်။

“ပစ်ခတ်သံတွေရပ်သွားလို့ ဘူးသီးတောင်ကို ပြန်လာကြတယ်။ ရွာသူရွာသားတွေကတော့ ရွာမှာပဲ ကျန်ခဲ့ကြတယ်။ ကျွန်မတို့ ကားတစ်စီးတည်းကိုသာ ဖြတ်သန်းခွင့်ပေးတယ်။ လမ်းမှာ စစ်ကြောင်းတွေ ကင်းပုန်းဝပ်နေကြတယ်။ ကျည်ခွံတွေလည်း အများကြီးတွေ့ခဲ့ရတယ်” ဟု သပိတ်တောင်ကျေးရွာမှ အမည်မဖော်လိုသည့် ကျောင်းဆရာမတစ်ဦးက ပြောသည်။

သပိတ်တောင်(ရခိုင်)ရွာမှ ကျေးရွာသားများမှာ ပစ်ခတ်မှုများကြောင့် ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လိုကြသော်လည်း တပ်မတော်စစ်ကြောင်းက သွားလာခွင့်ပိတ်ထားသဖြင့် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင်သာ ခိုလှုံနေရကြောင်း ကျေးရွာသားများက ပြောသည်။

ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးလာကြသည့် ကင်းချောင်းကျေးရွာသားများမှာ ရွှေကျင်ဘုန်းတော်ကြီးကျောင်းတွင် ခှိုလှုံနေထိုင်လျက်ရှိသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...