မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အဆိုပြုစာတွဲ မူကြမ်းကို ရေးဆွဲပြီးဖြစ်ကြောင်း မြောက်ဦးယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းကပြောသည်။
အဆိုပါ စာတွဲမှုကြမ်း ရေးဆွဲနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အဆိုပြုစာတွဲမှုကြမ်းကို တင်ပြခဲ့ကြောင်း ဒေါ်ခင်သန်းကပြောသည်။
“ကျွန်မတို့တွေ မူကြမ်းတော့လောလောဆယ်ပြီးသွားပါပြီ။ ထပ်ပြီးတော့မှ ကျွန်မတို့အမှားတွေ စာလုံးတွေကျန်ခဲ့တာတွေ ဓာတ်ပုံတွေ စီစစ်ဖို့ပဲကျန်ပါတယ်။ ဒီနေ့တော့ မူကြမ်းလုပ်ပြီးတဲ့ ဟာကို ကျွန်မတို့တွေ အစည်းအဝေးထဲလူကြီးတွေကို ချပြပါတယ်။ သူတို့ဘက်ကလဲ လိုအပ်တာတွေ ကူညီလို့ရတာတွေ ကူညီလို့ရအောင်”ဟုပြောသည်။
မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်၏ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်ပြီး မြောက်ဦးမြို့ကို မြန်မာနိုင်ငံအစိုးရမှ ၁၉၉၆ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုအဖြစ် ကြေငြာခဲ့သည်။ အဆိုပြုမှုကြမ်းကို လာမည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာတာကို တင်သွင်းသွားမည်ဖြစ်ကြောင်လည်း ဒေါ်ခင်သန်းကဆိုသည်။
“ကျွန်မတို့ ဒီ စက်တင်ဘာ ၂၀ မှာ တင်ပါ့မယ်။ အခုတော့ ကျွန်မတို့က နေပြီးတော့မှ ရေးဆွဲတာတွေအကုန်လုံး စာရေးတာတွေရော ပြီးသလောက်ရှိနေပါပြီ။ ပြီးပါပြီ အဲဒါတွေကို စာလုံးပေါင်းတွေ လိုက်စစ်နေတယ်။ နောက်ပြီးတော့ ဓာတ်ပုံတွေ ကို ဒီပုံထက် ပိုကောင်းတဲ့ပူံတွေက်ု ကျွန်မတို့ရှာနေတယ်။ အချောသတ်ရုံကလွဲရင် ကျန်တာတွေတော့ အားလုံးပြီးနေပါပြီ။”ဟုလည်းပြောသည်။
လက်ရှိအချိန်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရှေးဟောင်းဘုရား၊ စေတီတစ်ချို့ကို လက်နက်ကြီးများကျရောက်သဖြင့် ပျက်စီးမှုတစ်ချို့ရှိနေသည်။







