ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာမှ ကျေးရွာသားနှစ်ဦးအား တပ်မတော်စစ်ကြောင်း တစ်ခုမှ ယနေ့သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
ရွာဟောင်းတောကျေးရွာမှ ဦးထွန်းကျော်သိန်း ၄၆ နှစ်နှင့် ဦးစံအောင်သိန်း ၄၅ နှစ်တို့နှစ်ဦးမှာ ကောက်စိုက် ရာမှ ကျေးရွာသို့ပြန်လာစဉ် တပ်မတော်စစ်ကြောင်းတစ်ခုမှခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်း ရွာထဲကသွားတာပါ။ အဲဒီမှာ လက်နက်သံဂျိမ်းဆိုပြီးတော့ တစ်ချက်ကြားတယ်။ မကျားတောင် ပေါက်နားမှာ အဲဒီလိုကြားလိုက်တာပါ။ ကျမယောကျ်ားတို့က အိမ်ပြန်လာတဲ့အချိန်မှာ စစ်သားတွေနဲ့ တည့်တည့်တိုးပြီးတော့ ဖမ်းခေါ်သွားတာပါ” ဟု ဦးထွန်းကျော်သိန်း၏ဇနီး ဒေါ်အေးညွန့်က ဆိုသည်။
ဦးထွန်းကျော်သိန်းနှင့် ဦးစံအောင်သိန်းတို့နှစ်ဦးကို ကျေးရွာပြင်ပတွင်ဖမ်းဆီးကာ မှတ်ပုံတင်ယူဆောင်ခိုင်းပြီး လက်ရှိအချိန်ထိ နေအိမ်သို့ပြန်ရောက်မလာသေးကြောင်း ၎င်းကပြောသည်။
“တပ်မတော်သားတွေက ကျမယောကျ်ားကို အခုလိုဖမ်းဆီးသွားပြီး ရိုက်ပုတ်မှာကိုစိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ရွာဟောင်းတောကျေးရွာသားနှစ်ဦးကို တပ်မတော်သားများမှ ခေါ်ဆောင်သွားခြင်းမရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
“ဘာမှ မခေါ်ဆောင်ဘူး” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၉ လခန့် ကြာမြင့်လာရာ ၎င်းကာလအတွင်း သံသယဖြင့်ဖမ်းဆီးစစ်ဆေးခံရသည့် အရပ်သားရာနှင့်ချီရှိလာနေသည်။







