မြန်မာ့တပ်မတော်မှ စစ်တိုင်း ၅ တိုင်းတွင် စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ရက်ပေါင်း ၂၁ ရက်ကို တစ်ဖက်သတ်အပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ယနေ့သြဂုတ်လ ၃၁ ရက်နေ့တွင် တပ်မတော်မှအပစ်ခတ်ရပ်စဲရေးကြေငြာထားသည်မှာ ရက်ပြည့်မြောက်ခဲ့ပြီး အပစ်ရပ်ကာလအဖြစ် ရက်ပေါင်း ၂၁ ရက်ကို ထပ်မံသက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုသည့်အတွက် တပ်မတော်ဘက်မှစတင်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တပ်မတော်မှ အပစ်ရပ်ကြေငြာထားသည့် စစ်တိုင်း ၅ တိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတို့ ဖြစ်သည်။
၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီ ၃၀ ရက်ထိ ပထမအကြိမ်၊ မေ ၁ ရက်မှ ဇွန် ၃၀ ရက်ထိ ဒုတိယအကြိမ်၊ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိ တတိယအကြိမ်နှင့် ယခု ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက် နေ့မှ ၂၁ ရက်နေ့ အထိ တပ်မတော်မှ တစ်ဖက်သတ်အပစ်ရပ်ကြေငြာခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် တစ်ဖက်သတ်အပစ်ခတ်ရပ်စဲရာ၌ မပါဝင်သည့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (ရခိုင် ပြည်နယ်)တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၉ လခန့်ကြာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွား နေကြသည်။
ထို့ပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့ဖြစ်သော (TNLA)၊ (MNDAA)၊ (AA) တို့သည် ယခုလ ၁၅ ရက် နေ့က ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် ပြင်ဦးလွင်နှင့် နောင်ချိုနယ်ရှိ တပ်ရင်း ဌာချုပ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ် စသည်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင်း တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။







