ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲကင်းစခန်းမှူး ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီခန့်က ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယိုးတရုပ်ရဲ့ကင်းစခန်းမှူး ဒုရဲအုပ်ဇော်မင်းဌေးသည် ယနေ့နံနက်က ယိုးတရုပ်ဈေးတွင်ဈေးဝယ်နေစဉ် ဓားထိုးခံခဲ့ရခြင်းဖြစ်ကြောင်း ယိုးတရုပ်ကျေးရွာမှ အမည်မဖော်ပြလိုသူတစ်ဦးက ပြောသည်။
“မနက် ၇ နာရီကျော်လောက်က ရဲသားတစ်ယောက်ဓားထိုးခံရတယ်။ ရွာလယ်ဈေးနားမှာဖြစ်တာပါ။ ဘယ်သူနဲ့ ဖြစ်မှန်းမသိပါဘူး” ဟု ၎င်းကဆိုသည်။
ဓားထိုးခံရသည့် ဒုရဲအုပ်ဇော်မင်းဌေးမှာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်း၏ ရုပ်အလောင်းအား ယိုးတရုပ်ဆေးရုံမှ ပုဏ္ဏားကျွန်းဆေးရုံကိုယူသွားကြောင်း သိရသည်။
ထိုသို့ ဒုရဲအုပ်ဇော်မင်းဌေးအား ဓားဖြင့်ထိုးသွားသူမှာ မည်သည့် မည်ဝါဖြစ်သည်ကို မသိရသေးပေ။
သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်မှာ ကျောက်တော်မြို့ ရေယာဉ်ဆိပ်ကမ်းတွင် ဓားဖြင့်သုံးချက် အထိုးခံခဲ့ရပြီး ပြင်းထန်ဒဏ်ရာများရရှိကာ ဆေးကုသမှုခံယူလျက်ရှိသည်။







