အယ်ဒီတာချုပ်ကို တရားစွဲဆိုထားမှု၊ ဂျာနယ်ထုတ်ဝေခွင့်နှင့် သတင်းဌာနလိုင်စင်များထုတ်ပေးရန် ကြန့်ကြာနေမှုနှင့် အင်တာနက်လိုင်းဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားမှုအပေါ် သတင်းထုတ်ပြန်ခြင်း

အယ်ဒီတာချုပ်ကို တရားစွဲဆိုထားမှု၊ ဂျာနယ်ထုတ်ဝေခွင့်နှင့် သတင်းဌာနလိုင်စင်များထုတ်ပေးရန် ကြန့်ကြာနေမှုနှင့် အင်တာနက်လိုင်းဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားမှုအပေါ် သတင်းထုတ်ပြန်ခြင်း

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်

Development Media Group (DMG)၏ အယ်ဒီတာချုပ်နှင့် အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးအောင်မင်းဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ-၁၇(၂)ဖြင့် သတင်းတပ်ဖွဲ့(SB)မှ တရားလိုပြုလုပ်၍ ၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် စစ်တွေမြို့ အမှတ်(၁) ရဲစခန်း၌ အမှုဖွင့်ထားသည်ဟုသိရှိရပြီး ယနေ့ဆိုလျှင် (၄)လ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သို့သော် သက်ဆိုင်ရာအာဏာပိုင်များမှ တရားစွဲဆိုရသည့်အကြောင်းအရင်း အသေးစိတ်အား ဦးအောင်မင်းဦး၏ မိသားစုဝင်များနှင့် DMG သို့ တရားဝင်အကြောင်းကြားစာ ယနေ့အချိန်အထိ မရောက်ရှိသေးပေ။

ထို့နောက် မိမိတို့သတင်းဌာနမှ သတင်းထောက်အချို့နှင့် ဦးအောင်မင်းဦး၏ မိသားစုဝင်အချို့အား ခေါ်ယူစစ်ဆေးမေးမြန်းမှုများရှိခဲ့ပြီး အယ်ဒီတာချုပ်အားလည်း သတင်းတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲများမှဖမ်းဆီးရန် လိုက်ရှာနေသည်မှာ တရားဥဒေဘောင်အတွင်းမှ လွဲလျှော်နေသည်ကိုတွေ့ရသည်။ သတင်းမီဒီယာတစ်ခု၏ အကြီးအကဲတစ်ဦးအား (မီဒီယာဥပဒေဖြင့်မစွဲဘဲ) ယခုလိုအခြေအမြစ် မရှိသည့် မတရားအသင်းဆက်သွယ်မှုစွပ်စွဲချက်များနှင့် မိမိတို့သတင်းဌာန၏ လွတ်လပ်စွာရေးသားထုတ်ဝေပိုင်ခွင့်ကို ပိတ်ပင်သည့် အတွက် မိမိတို့ DMG မှ အပြင်းအထန်ကန့်ကွက်ရှုံ့ချပြီး တရားစွဲဆိုရသည့် အကြောင်းရင်းအသေးစိတ်ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များမှ အမြန်ဆုံးထုတ်ပြန်ပေးရန် တောင်းဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇွန်နဝါရီလမှစ၍ မိမိတို့ DMG အနေဖြင့် သတင်းလုပ်ငန်းများကို မီဒီယာကျင့်ဝတ်နှင့်အညီ လုပ်ဆောင်နေသည့်အတွက် မိမိတို့အယ်ဒီတာချုပ်နှင့် သတင်းဌာနအား သတင်းတပ်ဖွဲ့ SB မှ တရားလိုပြုလုပ်၍ အမှုဖွင့်လှစ်ထားခြင်းမှာ လွန်ခဲ့တဲ့ ဧပြီလ (၃၀) ရက် နေ့က နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့သော “မဏ္ဍိုင်လေးရပ်အလုပ်ရုံ ဆွေးနွေးပွဲ”မှ ရလာဒ်များအား သွယ်ဖယ်နေသည်ဟု မိမိတို့ DMG မှ ရှုမြင်သည်။ ထို့နောက် မိမိတို့သတင်းဌာနအား တစ်စုံတစ်ရာ အမှုဖွင့်တရားစွဲဆိုလောက်သည့် အကြောင်းအရာများရှိသည့် တိုင်အောင် နိုင်ငံတော်အစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)မှတစ်ဆင့် အခြေအနေအရပ်ရပ်အား ပဏာမအဆင့် လေ့လာစိစစ်သုံးသပ်ပြီး အကယ်၍ နှစ်ဦးနှစ်ဘက်ညှိနှိုင်း၍ရသည်များကို ပြေလည်သည်အထိ ညှိနှိုင်းဖြေရှင်းပြီး သတင်းကျင့်ဝတ်နှင့် ဥပဒေကြောင်းအရ အရေးယူသင့်သည်များကိုလည်း တရားဥပဒေနည်းလမ်းကျစွာဖြင့် လုပ်ဆောင် သင့်သည်။ ဤသို့ တရားစွဲဆိုမှုနှင့်ပတ်သက်၍ MPC မှ အသေးစိတ်လေ့လာစိစစ်၍ အတတ်နိုင်ဆုံး ပြေလည်မှုများရရှိသည်အထိ ကြားဝင်ဖြေရှင်းပေးပါရန် အကူအညီတောင်းခံစာကိုလည်း မေလ (၈)ရက်နေ့ကတည်းက ပေးပို့ခဲ့ပါသည်။ သို့သော် အခြေအနေမှာ ယနေ့အချိန်အထိ ထူးခြားမှုရှိမလာသေးပါ။

ထို့နောက် DMG မှ တစ်လ (၂)ကြိမ် ပုံမှန်ထုတ်ဝေနေသော Development News Journal(ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ်) သည်လည်း ထုတ်ဝေခွင့်အမှတ် (၀၀၁၂၅)ဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့အထိ (၅)နှစ်တာအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ (၁၅)ရက်လျှင်တစ်ကြိမ် ထုတ်ဝေခွင့်ရရှိ ထားပြီးဖြစ်သည်။ ယခုအခါ ထုတ်ဝေခွင့်လက်မှတ်အား ပြန်လည်အပ်နှံ့ခဲ့ပြီး DMG အနေဖြင့် သတင်းဌာနတစ်ခုလုံးအားမှတ်ပုံတင်ခြင်း၊ သတင်းဂျာနယ်ထုတ်ဝေသူ (လက်ရှိထုတ်ဝေခွင့်ရရှိထားသူ ဦးခိုင်မင်းထွန်းနေရာတွင် ဦးဦးဘခင် (ခ) ဦးအောင်မင်းဦးအား အစားထိုးရန် အတွက်) အပြောင်းအလဲပြုလုပ်ခြင်းနှင့် မှတ်ပုံတင်ခြင်းတို့ကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့တွင် တရားဝင်ပြန်လည်လျှောက်ထား ခဲ့သည်။

မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာန၏ လုပ်ထုံးလုပ်နည်းအရ လိုအပ်သည့်စာရွက်စာတမ်းနှင့် အထောက်အထားများပြည့်စုံလျှင် ထုတ်ဝေခွင့်နှင့် တစ်ခြားသတင်းဌာနလိုင်စင်များကို ရက်သတ္တပတ် (၃)ပတ် (သို့) ၂၁ ရက်အတွင်း ထုတ်ပေးသည်ဟု သိရှိရပါသည်။ သို့သော် ကျွန်တော်တို့သတင်းဌာန မှတ်ပုံတင်ရရှိရေးနှင့် ဂျာနယ်ထုတ်ဝေခွင့် လိုင်စင်ရရှိရေးတို့အတွက် လက်ရှိဂျာနယ်ထုတ်ဝေခွင့်ရရှိထားသူ ဦးခိုင်မင်းထွန်းနှင့် အစားထိုးလုပ်မည့်သူ ဦးဦးဘခင်တို့ကိုယ်တိုင် လိုအပ်သည့်စာရွက်စာတမ်းနှင့် အထောက်အထားအပြည့်အစုံတို့ကို သက်ဆိုင်ရာသို့တင်ထားသည်မှာ ယခုဆိုလျှင် ရက်ပေါင်း ၁၇၀ ကျော် (သို့) ၆ လနီးပါး ကြာသွားပြီဖြစ်သော်လည်း သတင်းဌာန လိုင်စင်နှင့် ဂျာနယ်ထုတ်ဝေသူ အမည်ပြောင်းလဲ ထုတ်ဝေခွင့်လိုင်စင်တို့ကို ယနေ့အချိန်အထိ ထုတ်ပေးခြင်းမရှိသေးသည်မှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ကွဲလွဲနေသည်ကို တွေ့ရှိရပါသည်။

ဤကိစ္စနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ဆီသို့လည်း ၂၀၁၉ ခုနှစ်၊ မေလ (၂၈) ရက်နေ့စွဲဖြင့် DMG ၏ သတင်းဌာနလိုင်စင်နှင့် ဂျာနယ်ထုတ်ဝေခွင့်လိုင်စင်တို့ရရှိနိုင်ရေးအတွက် အခြေအနေကို အတတ်နိုင်ဆုံး လေ့လာ စုံစမ်း၍ အမြန်ဆုံးထုတ်ပေးနိုင်အောင် ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံထားသည်။ သို့သော် ယခုအချိန်အထိထူးခြားမှု ရှိမလာသေးပါ။ ဤသို့သတင်းဌာနနှင့် ဂျာနယ်လိုင်စင်များထုတ်ပေးရန် ယခုအချိန်အထိ ကြန့်ကြာနေခြင်းမှာ သတင်းမီဒီယာလုပ်ငန်း ထူထောင်ခွင့်၊ သတင်းရယူခွင့်၊ သတင်းသိပိုင်ခွင့်နှင့် ဖြန့်ချီခွင့် စသော ပြည်သူလူထု၏အခွင့်အရေးများကို ဆုံးရံှုးစေသည်သာမက လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်တို့ကိုလည်း ချိုးဖောက်ရာရောက်ပေသည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ရခိုင်ပြည်နယ်က မြို့နယ် (၈)မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှစ၍ MPT၊ Mytel ၊ Telenor နှင့် Ooredoo တို့၏ အင်တာနက် ဝန်ဆောင်မှုများကို အစိုးရကပိတ်ပင်လိုက်ခြင်းကြောင့် ပြည်သူများအနေဖြင့် သတင်းအချက်အလက်များရရှိမှုနည်းပါးသွားခြင်း၊ စစ်ဘေး ရှောင်များအတွက် အလှူငွေများကောက်ခံမှု၊ ဒေသတွင်းစီးပွားရေးနှင့် အုပ်ချုပ်ရေးယန္တာရားလည်ပတ်ရေးများတွင် အခက်အခဲများစွာ ရှိနေခြင်း ရေဘေးသင့်ပြည်သူများအတွက် သတင်းအချက်အလက်နှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ကြန့်ကြာမှု များနှင့် အခက်အခဲများ ရောက်စေခဲ့သည်။

ဤသို့ သတင်းမီဒီယာများ၏ လွတ်လပ်မှုကိုပိတ်ပင်ပြီး အင်တာနက်လိုင်းဖြတ်တောက်ကာ သတင်းအမှောင်ချထားမှုသည် ယခင် ကတည်းက ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများရှိနေချိန်တွင် လက်ရှိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည့်အတွက် စစ်ဆင်ရေးကာလအတွင်း ဒေသခံပြည်သူများအား လူ့အခွင့်အရေးချိုးဖောက်မှုများကို အစိုးရအနေဖြင့် ပိုမိုအားပေးရာရောက်ပေသည်။ ထိုနည်းတူ သတင်းရယူခွင့်၊ ဖြန့်ချီခွင့်၊ ပြည်သူများ၏သတင်းသိပိုင်ခွင့်ကိုလည်း ချိုးဖောက်ခံရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း တစ်ခုလုံးအား သတင်းအမှောင်ချလိုက်ခြင်းဖြစ်သည့်အတွက် မိမိတို့ DMG အဖွဲ့သားများအနေဖြင့် အစိုးရ၏လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။

ထို့ကြောင့် ဒီမိုကရေစီအစိုးရတစ်ရပ်အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ရှေးရှုပါက သတင်းရယူခွင့်၊ ဖြန့်ချီခွင့်နှင့် သတင်းမီဒီယာများအား လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ အခြေခံအခွင့်အရေးများကို ပိတ်ပင်တားဆီးခြင်း၊ သတင်းအမှောင်ချခြင်းနှင့် သတင်းထောက်များအား အရေးယူအပြစ်ပေးခြင်းများ ဆက်လက်မပြုလုပ်ရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

သု့ိဖြစ်ပါ၍ မိမိတို့ DMG အနေဖြင့် သတင်းလုပ်ငန်းများကို သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ကြိုးစားလုပ်ဆောင်နေပြီး ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးလိုသည့်အတွက် အခြေအနေအရ ဇူလိုင်လမှစ၍ ယာယီရပ်နားထားခဲ့သည့် Development News Journal အား အောက်တိုဘာလမှစ၍ ပြန်လည်ထုတ်ဝေဖြန့်ချီသွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား ဤသတင်းထုတ်ပြန်ချက်နှင့်အတူ အသိပေးအကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန် -

(၁) အောင်မင်းဦး ([email protected])

အယ်ဒီတာချုပ်နှင့် အမှုဆောင်ဒါရိုက်တာ

(၂) ဧကရာဇ် (၀၉ ၄၅၁ ၈၂၇ ၂၅၂)

တာဝန်ခံအယ်ဒီတာ

Development Media Group (DMG)

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...