ကျိုင်းတုံဆွေးနွေးပွဲသို့ မြောက်ပိုင်း မဟာမိတ် လေးဖွဲ့လုံး တက်ရောက်မည်

ကျိုင်းတုံဆွေးနွေးပွဲသို့ မြောက်ပိုင်း မဟာမိတ် လေးဖွဲ့လုံး တက်ရောက်မည်

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ပြုလုပ်မည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့စလုံး တက်ရောက်မည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့် တပ်တော် ULA/AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

“ ကျနော်တို့ မြောက်ပိုင်း မဟာမိတ် တစ်ဖွဲ့လုံးသွားမှာနော်။ ၄ ဖွဲ့စလုံး အဓိကကတော့ လုံခြုံရေး ကိစ္စကို တရုတ်အစိုးရကနေပြီးတော့ သူတို့ကူညီစေ့စပ်ပေးတဲ့ အတွက်ကြောင့်မို့လို့ လုံခြုံရေး အာမခံချက်ရှိတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ သွားမှာ”

သြဂုတ်လ ၃၁ ရက်နေ့တွင် ကျိုင်းတုံတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ ခိုင်သုခက ယခုလိုဆက်ပြောသည်။

“အဓိကကတော့ လက်ရှိညှိနေတဲ့ Bilateral (နှစ်ဘက် သဘောတူ) လက်မှတ်ထိုးရေး ကိစ္စလည်းပါမှာပေါ့။ အဓိက ကတော့ အခုလက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ဘယ်လိုရပ်တန့်မလဲဆိုတဲ့ကိစ္စပေ့ါ။”

မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA ကလည်း “အရင်ကတော့ ဆွေး နွေးပြီးသား ဖြစ်နေတဲ့ ငြိမ်းချမ်းရေးအတွက် Bilateral ထိုးဖို့ကိစ္စတွေ နောက်ပြီးတော့ ဒီ IDPs နေရပ်ပြန်ရေး ကိစ္စတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အဖွဲ့ကို အထွေထွေအတွင်းရေးမှူး ဦးလနန်က ဦးဆောင်သွားမည်ဖြစ်ပြီး စုစုပေါင်း ကိုယ်စားလှယ် ၄ ယောက် သွားရောက်မည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

သို့သော် အခြားမြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ တက်ရောက်မည့်ကိုယ်စားလှယ်များနှင့် အစိုးရဖက်မှ တက်ရောက်မည်သူများကို မသိရသေးပေ။

တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA က သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “အဓိက ပြဿနာက လုံခြုံရေးကိစ္စဖြစ်တယ်။ လုံခြုံရေးကိစ္စကို တရုတ်က ကျိုင်းတုံအထိ ကူညီဆောင်ရွက် ပေးမယ်ဆိုရင် ကျနော်တို့က အဆင်ပြေလာနိုင်တဲ့ အနေအထားရှိတယ်။ ဒီဟာတရုတ်ဘက်က မြန်မာအစိုးရဘက်ကို ဖိအားပေးလို့ ဒီတွေ့ဆုံပွဲကို လှမ်းပြီးဖိတ်တာဖြစ်နိုင်တယ်။ အဲ့လိုယူဆလို့ရတယ်” ဟု ပြောသည်။

ညီနောင် မဟာမိတ် (၃) ဖွဲ့အနေဖြင့် နိုင်ငံရေး၊ စစ်ရေးပြဿနာများကို ငြိမ်းချမ်းသည့် နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ ဘဝလုံခြုံရေးအတွက်လည်း တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သြဂုတ်လ (၂၉) ရက်နေ့ (ယနေ့)တွင် ထုတ်ပြန်ထားသည်။

တပ်မတော်အနေဖြင့် ညီနောင်မဟာမိတ် (၃) ဖွ့ဲအား ဆွေးနွေးဘက်အဖြစ် အသိအမှတ်မပြုနိုင်ခြင်း၊ ခွဲခြား ဆက်ခံခြင်း၊ တစ်ဖက်သတ်လက်နက်ချခိုင်းခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ခိုင်းခြင်းစသည့် သွေးခွဲဖိနှိပ် ကန့်သတ်မှု အမျိုးမျိုးကို ကျင့်သုံးပြီး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း နှောင့်နှေးကြန့်ကြာရန် ဖန်းတီးနေသည်ဟု အဆိုပါထုတ်ပြန်ချက်ထဲတွင် ထုတ်ပြန်ထားသည်။

“တွေ့ဆုံ ဆွေးနွေးပွဲကတော့ PC က ဦးသိန်းဇော်တို့တက်မယ်လို့သိရတယ်။ သေချာဆုံးဖြတ်နိုင်မယ့် ရလာဒ်တစ်ခုတော့ မပါနိုင်လောက်သေးဘူးလို့ထင်တယ်။ ဒါပေမယ့် ဆွေးနွေးပွဲကနေတစ်ဆင့် အစိုးရရော တပ်ဘက် ကရော အလုပ်ဖြစ်နိုင်မယ့် ကမ်းလှမ်းချက်တွေရှိမယ်ဆိုရင် တိုးတက်မယ်။ မပါလာဘူးဆိုရင်တော့ နဂိုအတိုင်းပဲ ပြန်လာမယ်လို့ပဲထင်တယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ဧပြီလ ၃၀ ရက်နေ့က မူဆယ်မြို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း ဆက်လက်တွေ့ဆုံ ဆွေးနွေးနိုင်ရန် နေရာညှိနှိုင်းရာတွင် အဆင်ပြေမှု မရရှိသည့်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ကာလအတော်အကြာ ပြတ်တောက်သွားခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးရန် ပြေလည်မှု မရရှိသည့် အခြားတစ်ဖက်တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် PSLF/ TLA၊ MNTJP/ MNDAA၊ ULA/AA တို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာနေသည်။

သို့သော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် FPNCC တို့၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် တိုက်ပွဲဖြစ်ပွားနေသည့်ကြားက နှစ်ဖက်တွေ့ဆုံဆွေးနွေး ပြန်လည်စတင်လာနိုင်သည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့က ယခုလိုပြောသည်။

“အဓိကကတော့ ဒီလိုဗျာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုရယ် နောက်ပြီးရယ် ကျနော်တို့ ဒီ FPNCC ရဲ့ စေ့စပ်ပေးမှုရယ်ပေါ့ အဲဒီဥစ္စာတွေကနေပြီးတော့ ကျနော်တို့ အခုလိုမျိုး တွေ့ဆုံပွဲတွေ ဖြစ်လာတယ်လို့ ပြောလို့ရတယ်” ဟု ခိုင်သုခက ပြောသည်။

သြဂုတ်လ ၃၁ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်ဆွေးနွေးမှုအပေါ် မူတည်၍ ဖြစ်ပွားနေသည့် တိုက်ပွဲများကို တစ်စုံတစ်ရာ လျှော့ချလာနိုင်ကောင်း လာနိုင်မည်ဟု PCG က မျှော်လင့်သည်။

“ကျနော်တို့ကတော့ အများကြီးမျှော်လင့်ချင်တာပေါ့နော်။ တစ်ခါတည်း အပစ်ရပ် လက်မှတ်ထိုးတဲ့အထိ မျှော် လင့်ချင် ပါတယ်။ ဒါပေမယ့် အဲလောက်မဟုတ်ရင်လည်း ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာတော့ တွေ့ဆုံ ဆွေးနွေးမှုတွေကတော့ အရေးကြီးပါတယ်။ ဒါကြောင့် မဆွေးနွေးတာထက်စာရင်တော့ ဆွေးနွေးတာကတာ့ ပို ကောင်းတာပေါ့နော်။ ပြေလည်မယ် မပြေလည်ဘူးဆိုတာကတော့ နှစ်ဖက်တွေ့ဆုံတဲ့ ဆွေးနွေးချက်တွေ အပေါ်မှာပဲ မူတည်ကြမှာပေါ့ခင်ဗျာ” ဟု ဦးဆမ်အောင် က သတင်းနှင့် မီဒီယာကွန်ရက်သို့ ပြောဆိုထားသည်။

အစိုးရနှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...