လက်နက်ကြီးကျရောက်ပြီး လူအများအပြား သေဆုံးဒဏ်ရာခဲ့သည့် ပန်းမြောင်းဖြစ်စဉ်ကို လွှတ်တော်သို့ အစီရင်ခံစာတင်ပြမည်

လက်နက်ကြီးကျရောက်ပြီး လူအများအပြား သေဆုံးဒဏ်ရာခဲ့သည့် ပန်းမြောင်းဖြစ်စဉ်ကို လွှတ်တော်သို့ အစီရင်ခံစာတင်ပြမည်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာရှိ နေအိမ်တစ်အိမ်အတွင်းသို့ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၃ ဦးသေဆုံးပြီး ကျန် ၄ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသွားသူ သုံးဦးမှာ ၁၀ တန်းကျောင်းသူ မညိုညိုဝင်း ၁၅ နှစ်၊ လေးတန်းကျောင်းသား မောင်းမင်းထက်ကျော် ၁၀ နှစ်နှင့် KG တန်း မောင်အောင်ဇင်ဖြိုး ၆ နှစ်တို့ ဖြစ်ကြသည်။ ဒဏ်ရာရရှိခဲ့သူ ၄ ဦးမှာ မြောက်ဦးဆေးရုံနှင့် စစ်တွေဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အား မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူတို့၏ ထွက်ဆိုချက်များကို လွှတ်တော်တွင် သြဂုတ်လ ၂၇ ရက်နေ့၌ အစီရင်ခံစာတစ်စောင် တင်ပြသွားမည်ဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“ပန်းမြောင်းမှာ ဖြစ်စဉ်အကျဉ်းကို မျက်မြင်ကိုယ်တွေ့တွေရှိတယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေကို ကျွန်တော်က လွှတ်တော်တွေကို အစီရင်ခံစာကိုတင်ပြသွားမှာပါ။ ပါတီဌာနချုပ်(ANP)ကိုလည်း ပကတိ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ မျက်မြင်တွေရဲ့ထွက်ဆိုချက်တွေကို သက်သေအနေနဲ့ လက်မှတ်ထိုးပြီးရယူပြီးမှ အမှန်တကယ်ဒီနေရာမှာ ဖြစ်ပျက်ချက်တွေကို လွှတ်တော်ကိုရော ပါတီကိုရော အစီရင်ခံစာတင်ပြသွားပါမယ်” ဟု ဦးလှသိန်းအောင်က ဆိုသည်။

နေအိမ်အတွင်းကျရောက်သည့် လက်နက်ကြီးသည် တပ်မတော်က ပန်းမြောင်းကျေးရွာအတွင်းရှိ တောင်ကုန်းပေါ်မှနေ၍ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပစ်ခတ်ရာမှ ကျရောက်လာခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။ သို့သော် တပ်မတော်က ၎င်းတို့ပစ်ခတ်သည့် လက်နက်မဟုတ်ကြောင်း ငြင်းဆိုထားသည်။

နောင်အခါတွင် ယခုကဲ့သို့အဖြစ်မျိုးမဖြစ်ရအောင် လက်နက်ကြီးများကို ပြည်သူများနှင့်လွတ်ရာတွင်သာ ပစ်ခတ်ရန် ပန်းမြောင်းကျေးရွာသားများမှ တောင်းဆိုကြကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“နောက်နောင် အခုလိုအဖြစ်မျိုးမဖြစ်ရအောင်၊ ကျန်တဲ့ဒေသတွေမှာလည်း အခုလို မဖြစ်ရအောင်အတွက် ပြည်သူတွေနဲ့လွတ်ရာမှာပဲ အခုလိုလက်နက်ကြီးကျည်တွေနဲ့ ပြည်သူတွေကို အကာအကွယ်ယူတဲ့ပုံစံမျိုးနဲ့ လုပ်ပြီးတော့ မပစ်ဖို့အပိုင်းတွေကို တောင်းဆိုကြတယ်” ဟု ၎င်းကပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူ ၃ ဦးကို ပန်းမြောင်းကျေးရွာ သုဿန်တွင် သြဂုတ်လ ၂၅ ရက်နေ့က ဂူသွင်းသဂြိုဟ်ခဲ့ကြသည်။

လက်ရှိ ပန်းမြောင်းကျေးရွာသားများမှာ ကျေးရွာအတွင်းလက်နက်ကြီးကျရောက်မှုကြောင့် စိုးရိမ်ကြောက်လန့်ကာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြကြောင်းလည်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...