ရက္ခိုင့်တပ်တော်(AA)အနေဖြင့် မဟာမိတ်အဖွဲ့အစည်းများ၊ ရခိုင်ပြည်သူများနှင့်လက်တွဲကာ တပ်မတော်အား လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၅ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။
သြဂုတ်လ ၂၄ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် တပ်မတော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကျေးရွာအတွင်းရှိနေအိမ်သို့ လက်နက်ကြီးကျရောက်ကာ ကလေးငယ် ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုသည်။
“ရခိုင်ပြည်သူတွေကို မတရားပစ်ခတ်သတ်ဖြတ်တဲ့ ဘယ်စစ်ကြောင်းကိုမှ ရခိုင်မြေထဲက ကောင်းကောင်းမွန်မွန် ပြန်ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး”ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအမည်ခံ အစိုးရအနေဖြင့်လည်း ရခိုင်၌ အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး ဖြစ်စဉ်များကိုကွယ်ဝှက်ထိန်ချန်ကာ လိမ်လည်ဖုံးကွယ်နေကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် စစ်ပွဲများ ယခုထက်ပိုမိုပြင်းထန်လာမည်ဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ဆင်ရေး နယ်မြေများတွင် အချိန်မတော်သွားလာခြင်းမပြုကြရန်နှင့် နေအိမ်အောက်တွင် ဗုံးခိုကျင်းများ တူးထားကြရန် ခိုင်သုခက ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများအနေဖြင့်လည်း လက်နက်ကြီးဒဏ်မှ လုံခြုံကင်းဝေးရန်အတွက် ဗုံးခိုကျင်းများ တူးထားကြရန် သြဂုတ်လ ၂၅ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
မြန်မာ့တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကိုကြိုဆိုသကဲ့သို့ တိုက်ပွဲတိုက်ရန်လည်းအသင့်ဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော် စစ်သမိုင်းပြတိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့သည်။
တဆက်တည်းတွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ၅ ရက်တာကျင်းပခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးမှ အစိုးရ၊ တပ်မတော်နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့အကြား လတ်တလောဖြစ်ပွား နေသော ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသောတိုက်ပွဲများကို နှစ်ဖက်လုံးမှလျှော့ချပြီး နိုင်ငံရေးဆွေးနွေးမှုမှတဆင့် ငြိမ်းချမ်းစွာဖြေရှင်းကြရန် တိုက်တွန်းထားသည်။







