စစ်ကြောရေးကာလအတွင်း သေဆုံးခဲ့သည့် ရုပ်အလောင်းများကို မိသားစုမှ သင်္ဂြိုလ် ခွင့်မရခြင်းသည် လူ့အခွင့်အရေးအရ ဆုံးရှုံးမှုရှိကြောင်းပြော

စစ်ကြောရေးကာလအတွင်း သေဆုံးခဲ့သည့် ရုပ်အလောင်းများကို မိသားစုမှ သင်္ဂြိုလ် ခွင့်မရခြင်းသည် လူ့အခွင့်အရေးအရ ဆုံးရှုံးမှုရှိကြောင်းပြော

ရခိုင်ပြည်နယ်အတွင်းတွင် သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူများမှာ စစ်ဆေးခံကာလအတွင်း အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သက်ဆိုင်ရာမိသားစုများမှသင်္ဂြိုလ်ခွင့်မရခြင်းသည် မိသားစုဝင်များ၏အခွင့်အရေးကို ချိုးနှိမ်ရာရောက်ပြီး လူ့အခွင့်အရေးအရ ဆုံးရှုံးမှုရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ရှေ့နေများက ပြောကြသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ သြဂုတ်လ ၂၇ ရက်နေ့အထိ စစ်ဆေးခံကာလအတွင်း သေဆုံးသူ ၁၅ ဦးအထိရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ကျေးရွာသား ၂၇ ဦးကို တပ်မတော်မှ ဖမ်းဆီးစစ်ဆေးခဲ့ရာ စစ်ဆေးခံကာလအတွင်း ၃ ဦးသေဆုံးသွားခဲ့သည်။ ထိုသို့သေဆုံးသွားသူ ၃ ဦးအား မိသားစုဝင်များမှတွေ့ခွင့်မရခဲ့ဘဲ ရဲတပ်ဖွဲ့မှ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခံကာလအတွင်း သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သက်ဆိုင်ရာမိသားစုများ လက်ဝယ်သို့ လွှဲပြောင်းပေးနိုင်ရေးအတွက် ဆက်သွယ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

၎င်းတို့သေဆုံးမှုများအား ဥပဒေနှင့်အညီ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်ခဲ့ပြီး သေဆုံးသူ၏မိဘဆွေမျိုး များနှင့် ဆက်သွယ်မှုရရှိရေးအတွက် ဖုန်းဖြင့်လည်းကောင်း၊ အကြောင်းကြားစာဖြင့်လည်းကောင်း တာဝန်ရှိသူ အဆင့်ဆင့်မှ ပေးပို့ဆက်သွယ် ဆောင်ရွက်ပေးခဲ့သော်လည်း အချိန်မီပြန်ကြားလာခြင်းမရှိသဖြင့် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းနှင့်အညီ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ယခုကဲ့သို့ သေဆုံးသူအလောင်းများကို မိသားစုမှ သင်္ဂြိုလ်ခွင့်မရခြင်းသည် မိသားစုများ၏အခွင့်အရေးကို ချိုးနှိမ်ရာရောက်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ဒီအပေါ်မှာ အားရကျေနပ်မှုမရှိဘူး။ ဘာကြောင့်မရှိလဲဆိုရင် သေဆုံးသွားတဲ့ ရုပ်အလောင်းကိုတောင်မှ မိသားစုကိုယ်တိုင် မမြင်ရ၊ မတွေ့ရ၊ မသင်္ဂြိုလ်ရတဲ့အတွက်ကြောင့် ဒီဟာက မိသားစုဝင်တွေရဲ့ လူ့အခွင့် အရေးကို ချိုးနှိမ်ရာကျတယ်” ဟု ၎င်းကဆိုသည်။

လက္ကာကျေးရွာမှ သေဆုံးသွားသူ ၃ ဦးမှာ ကိုဇော်မျိုးထွန်း ၂၅ နှစ် (အသက်ရှုကျပ်ပြီးသေဆုံးခြင်း)၊ ဦးသန်းထွန်းစိန် ၄၁ နှစ် (ကြိုးဆွဲချသေဆုံးခြင်း)၊ ဦးမောင်သန်းနု ၄၅ နှစ် (ယခင်မူးယစ်ဆေးဝါး သုံးစွဲခဲ့သည့် ဒဏ်ကြောင့်သေဆုံးခြင်း)ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးသုံးစွဲမှုဒဏ်ကြောင့် သေဆုံးသည်ဆိုသော ဦးမောင်သန်းနုမှာ ယခင်က ဆေးလိပ်၊ ကွမ်းယာ၊ အရက်သောက်သုံးခြင်းမရှိသူတစ်ဦးဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်သန်းခင်ကြည်က ဆိုသည်။ ကျန်နှစ်ဦး သေဆုံးမှုအားလည်း မိသားစုဝင်များမှ ယုံကြည်မှုမရှိကြောင်း ဆိုကြသည်။

“မိသားစုအနေနဲ့ သူတို့သားသမီးတွေဟာ အမှန်တကယ် နှလုံးေဖောက်ပြီးသေတာလား။ သူတို့လင်သား တွေဟာ အမှန်တကယ်ကြိုးဆွဲကျလို့သေလား။ အဲဒါတွေကို ရုပ်အလောင်းကိုမမြင်ရတဲ့အခါမှာ သံသယ ဖြစ်တယ်” ဟု ဦးထွန်းသာစိန်ကပြောသည်။

စစ်ကြောရေးအတွင်းသေဆုံးခဲ့သည့် လက္ကာကျေးရွာသား ၃ ဦးကို မိသားစုမှသင်္ဂြိုလ်ခွင့်မရခဲ့ခြင်းသည် လူ့အခွင့် အရေးအရဆုံးရှုံးမှုရှိကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက ပြောသည်။

“ဒီဟာက မိသားစုတွေဘက်က ဥပဒေအကြောင်းအရာအရဆိုရင် တရားစွဲဆိုဖို့ အခွင့်အရေးရှိပါတယ်။ လူသေသွားတဲ့အတွက် လူသတ်မှုနဲ့ အမှုဖွင့်ရမယ်။ တရားမျှတမှုရှိဖို့အတွက် ဒီနိုင်ငံမှာ တရားဘောင်ထဲက အဲဒီလို တောင်းဆိုလို့ရနိုင်တယ်။ ဒါပေမယ့် နိုင်ငံရေးအရ အကျပ်အတည်းရှိနိုင်တယ်” ဟု ဦးဇော်ဇော်မင်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရပြီး စစ်ဆေးစဉ်ကာလအတွင်းသေဆုံးခဲ့သူ ၁၅ ဦး ထဲတွင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ၈ ဦး၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ၃ ဦး၊ မြောက်ဦး မြို့နယ် ပေါက်တောပြင်ကျေးရွာမှ ၂ ဦး၊ မင်းပြားမြို့နယ် ပန်းမြောင်း(သပေါ့စာတဲစု) ကျေးရွာမှ ၁ ဦး၊ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာမှ ၁ ဦးတို့ဖြစ်ကြသည်

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...