တစ်ပတ်ကျော် ပျောက်ဆုံးနေသော ဖားကန့် ကချင်လယ်သမား Hpaujung La Seng၊ အသက် (၄၈)နှစ် ၏ သေဆုံးနေသော ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရာ ပဏာမ စစ်ဆေးချက်အရ ပြင်ပဒဏ်ရာ မတွေ့ရကြောင်း ဆိုပါသည်။
သြဂုတ်လ (၁၀)ရက်နေ့ La Seng ၏ ပျက်စီးနေသောရုပ်အလောင်းကို ကားမိုင်းမြို့နယ်ခွဲ ရဲစခန်းမှူးအဖွဲ့နှင့် ဆေးဆရာဝန်များ သွားရောက်စစ်ဆေးခဲ့ရာ အပြင်ဒဏ်ရာ လုံးဝမတွေ့ရှိဘဲ သေဆုံးနေကြောင်းကို ကားမိုင်း မြို့နယ် ရဲစခန်းမှူးထံမှသိရပါသည်။
“မျက်မြင်သက်သေ စစ်ဆေးချက်အရ ပြင်းပြင်းထန်ထန် အပြင်ဒဏ်ရက မတွေ့ရဘူး။ ဆေးစာအရတော့ သိရမှာပါ။ အဲ့အတွက် ကျနော်တို့ ဆောင်ရွက်နေပါတယ်။ သက်သေတွေလည်း စုံအောင်စရမယ် ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။
ကချင်ပြည်နယ် ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက် (၃)တွင် နေထိုင်သူ သားသမီး (၅)ဦး ဖခင် La Seng သည် ကားမိုင်း နှင့် မအူပင်ကြား ရေကာတာကျေးရွာ အနီး မိမိလယ်သို့သွားစဉ် ဇူလိုင်လ (၃၁)နေ့ ထူးထူးခြားခြားပျောက်ဆုံးသွားခဲ့ပြီး သြဂုတ် (၉)ရက်နေ့ ညနေပိုင်းချိန် လယ်တောအနီးတဝိုက် သေဆုံးနေသော၎င်း၏အလောင်းကို တွေ့ရှိခဲ့သည်ဟု မိသားစုများမှ သိရသည်။

ဖခင်၏ ဘယ်လိုသေဆုံးရကြောင်း သက်သေလက္ခဏာများ မတွေ့ရသော်လည်း ‘တစ်စုံတစ်ယောက်ကြောင့် သေဆုံးမှု ဖြစ်နိုင်သည်’ ဟု သားဖြစ်သူ Hpaujung Sut Naw Hpan က ယခုလို သုံးသပ်ပါသည်။
“အလောင်းကို တွေ့တော့ တွေးစရာတွေ အများကြီးဖြစ်လာတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ၏ ပစ္စည်းတွေနဲ့ အလောင်းက အရှေ့အနောက် ဆန့်ကျင်ဘက်မှာရှိနေတယ်။ သူယူသွားတဲ့ ပစ္စည်းတွေက ကိုက် ၂၀၀ခန့်စီ အကွာ လမ်းကြောင်းတစ်ခုထဲမှာဘဲ ရှိနေတယ်။ နောက် သူ့အလောင်းကျတော့ မထင်မှတ်တဲ့ ထောင့်မှာ ရှိနေတယ်” ဟု သူက ကချင်သတင်းဌာန KNG ကို ပြောပါသည်။
ဦး Hpaujung La Seng မှာ ၂၀၁၁ခုနှစ်မှ မြန်မာအစိုးရ နှင့် ကချင်လွပ်လပ်ရေးအဖွဲ့ KIO ကြား တကြော့ပြန် တိုက်ပွဲဖြစ်ပွားလာသောကြောင့် ၎င်းသူ၏ လယ်ကို ပစ်ထားခဲ့ရပြီး ယခုနှစ်မှ ပြန်လည် လုပ်ကိုင်ရာမှ ဖြစ်ပွဲခဲ့ခြင်းဖြစ်သည်။
ဖားကန့်မြို့နယ်သည် ယခု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉) လက်အောက် တပ်ရင်း (၆) နယ်မြေဖြစ်ပြီး မြန်မာအစိုးရတပ် နှင့် ၎င်း၏ကျောထောက်နောက်ခံ ရှမ်းနီပြည်သူ့စစ်များ လှုပ်ရှားလျက်ရှိသော နေရာလည်းဖြစ်သည်ဟု ဒေသခံများဆိုပါသည်။
ဦး Hpaujung La Seng ၏ ရုပ်အလောင်း မြေမြှုပ်သြင်္ဂိုလ် ဆုတောင်းပွဲကို သြဂုတ်လ (၁၃) အင်္ဂါနေ့ ဖားကန့် မိသားစုနေအိမ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။







