ကချင်ဒေသ စစ်ဘေး ၈ နှစ်ပြည့်အထိမ်းအမှတ် လမ်းဘေးတေးသရုပ်ဖော် ဦးဆောင်ခဲ့သူ ကိုပေါလု နှင့် မဆိုင်းနူးပန် တို့ အမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူဘက်မှ သက်သေတစ်ဦး ကို ယနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ပါသည်။
စွပ်စွဲခံရသူဘက်မှ သက်သေ ၆ ဦးအနက်မှ ဦးလွမ်းဇောင်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“အထိမ်းအမှတ်နေ့တွေကို ဒီမှာပဲ မဟုတ်ဘူး နိုင်ငံတကာ အားလုံးကျနော်တို့လုပ်ဆောင်နေတဲ့အရာဆို တော့ ကချင်စစ်ဖြစ်တဲ့ဒေသ ကချင်လူထုတွေက ၈ နှစ်ပြည်အထိမ်းအမှတ် သာမက နှစ်တိုင်းကျနော် တို့လုပ်ဆောင်နေတဲ့အရာဖြစ်တယ်။ ဒီနှစ်ထဲမဟုတ်ဘူး နောက်နှစ်လဲ လုပ်အုံးမှာဖြစ်တယ်လို့ပြောခဲ့ဒါပေါ့။” ဟု ဦးလွမ်းဇောင်းက KNG ကိုပြောဆိုခဲ့ပါသည်။
လမ်းဘေးတေးသရုပ်ဖော်ပြခဲ့သည်မှာ တစ်စုံတစ်ယောက်ကို နစ်နာအောင် ပြုလုပ်ခြင်းမဟုတ်သလို လက်ရှိ ငြိမ်းချမ်းရေးကို တွန်းအားပေးခြင်းသာဖြစ်ပြီး စစ်ရှောင်ပြည်သူများ ၈ နှစ်အတွင်း ကြုံတွေ့ခဲ့သော အခက်အခဲများကိုလည်း မြန်မာတစ်ပြည်လုံး သိအောင် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု စွပ်စွခံရသူများဘက် ရှေ့နေ ဦးမာခါး ကပြောဆိုခဲ့ပါသည်။
ကျန်ရှိသော တရားခံ သက်သေ များကို လာမည့်အပတ် ရုံးချိန်း ဇူလိုင် ၈ ရက်နေ့ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
၎င်းအမှုကို ပုံမှန်စစ်ဆေးသွားမည် ဆိုပါက တစ်လအတွင်း အပြီးသတ် အမိန့်ချမှတ်နိုင်ဖွယ်ရှိကြောင်း သိရပါသည်။
လက်ရှိ တရားစွဲခံထားရသော လူငယ် ၂ဦးမှာ ဇွန်လ ၉ရက်နေ့ ကချင်စစ်ဘေး(၈)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြစ်ကြီးနား စိမ်းမြဧရာ ပန်းခြံ နှင့် ပြည်သူ့ရင်ပြင် အားကစားကွင်း ၂နေရာတွင် ခွင့်ပြုချက်မတောင်းဘဲ လူစုလူရုံးပြုခဲ့သည်ဟု ဆိုကာ ငြိမ်းစုစီ ပုဒ်မ ၁၉ဖြင့် မြစ်ကြီးနားမြို့နယ် ယာယီဒုရဲမှူး မင်းသန့်ဇော် ကတရားစွဲဆိုထားခြင်းဖြစ်သည်။







