ကချင်ပြည်နယ်အတွင်း လက်ရှိဘိန်းခင်းစိုက်ပျိုး ထုတ်လုပ်နေမှုသည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ၏ ၂၀၁၈ အစီရင်ခံစာပါ ဖော်ပြချက်ထက် ၂ဆ ပိုများနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဆိုလိုက်သည်။
UNODC ၏ ဖော်ပြချက်ထက် ၂ဆ များသော ဘိန်းခင်းစိုက်ပျိုးထုတ်လုပ်နေမှုများသည် မြန်ာအစိုးရ တပ်မတော်လက်အောက် ပြည်သူ့စစ် နှင့် နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေများတွင် ရှိနေသည်ဟု ဇွန်လ ၂၆ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ ထုတ်ပြန်သော KIO အစီရင်ခံစာ က ဆိုသည်။
ယခုနှစ် ဇန်နဝါရီလ UNODC ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်တစ်ခုတည်းမှာပင် ၂၀၁၇ ထက် ၂၀၁၈ တွင် ဘိန်းခင်း စိုက်ပျိုးမှု ၅၀၀ ဟတ်တာ လျှော့နည်းသွားကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း ယခု KIO အဖွဲ့ Drug Issue Fact-Finding Commission IDFC ၏ ထုတ်ပြန်ချက်တွင်မူ ၂၀၁၈ ကချင်ပြည်နယ်အတွင်း ဘိန်းခင်း ၆၉၁၈ ဟက်တာ ရှိနေသေးကြောင်း ပြောပြထားပါသည်။
“ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသက မူးယစ်ဆေးဝါးရဲ့ မူလအရင်းမြစ်ကို သိရှိစေဖို့ နဲ့ ဒါကို ဘယ်လို နည်းလမ်းမှန် ဖြေရှင်းသင့်သလဲ ရှာဖွေသိရှိနိုင်အောင် ရည်ရွယ်ပြီး ထုတ်ပြန်တာဖြစ်တယ်။ အချက်အလက်တွေကိုတော့ ယုံကြည်ထိုက်တဲ့အတွက် ထုတ်ပြန်တာဖြစ်တယ်။ လက်တွေ့ ကောက်ယူထားတာဖြစ်တယ်။ ဒါက မြန်မာတစ်နိုင်ငံလုံးက အချက်အလက် အစီရင်ခံစာလည်း မဟုတ်သလို ရှမ်းပြည်နယ်လုံးရဲ့ အချက်အလက်လည်း မပါပါဘူး။ ဒါက ကချင်ပြည်နယ် နှင့် ရှမ်းမြောက်ဒေသမှာ ပြုစုထားတဲ့ ခိုင်မာတဲ့ အချက်အလက်ဖြစ်တယ်။” ဟု လိုင်ဇာမြို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြန်ကြားရေးဌာန တာဝန်ရှိသူ ဗိုလ်မှူးကြီး Naw Bu (နော်ဘူ) ပြောပါသည်။
DIFC ၏ ထုတ်ပြန်ချက်တွင် ဘိန်းခင်းအများဆုံးစိုက်ပျိုးနေသော နေရာများမှာ Kambaiti (ကန်ပိုင်တီ)၊ Sadon (ဆဒုံး)ဒေသ ပြည်သူ့စစ် နှင့် နယ်ခြားစောင့်တပ် BGF များ ထိန်းချုပ်ရာဒေသ၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ တပ်မတာ် နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာနယ်မြေများတွင် ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၁၁ ကချင်ဒေသ တစ်ကြော့ပြန် တိုက်ပွဲဖြစ်လာပြီးနောက် အစိုးရတပ်မတော် တိုက်ခိုက် သိမ်းပိုက်ကာ စိုးမိုးထားသော နယ်မြေများဖြစ်သည့် Danai (တနိုင်း)၊ Sumprabum (ဆွမ်ပရာဘွမ်)၊ Putao (ပူတာအို) စသည့်ဒေသများတွင်လည်း ဘိန်းခင်း စိုက်ပျိုးမှု ရှိလာကြောင်း ထပ်မံ ဖော်ပြထားပါသည်။
ပူတာအိုမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုကို ဒေသခံ သာမန် တောင်သူလယ်သမားများ လုပ်ကိုင်နေပြီး ၎င်းတို့ကို အနယ်နယ်အရပ်ရပ်မှ မူးယစ်ဆေးဝါး လုပ်ငန်းရှင်များက ထောက်ပံ့ထားသည်ဟုလည်း ပါရှိပါသည်။
ဘိန်းဖြူ နှင့် ရာမ ထုတ်လုပ်သည့် စက်ရုံ အများစုကို ရှမ်းမြောက် အစိုးရတပ်မတော်အောက် ပြည်သူ့စစ် ထိန်းချုပ်ရာဒေသများတွင် ရှိကြောင်း လေ့လာသိရှိရပြီး ပိုင်ရှင်များကတော့ တရုတ်ပြည်က တရုတ်နိုင်ငံသားတွေ ဖြစ်တဲ့အကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ရှမ်းမြောက်မှတဆင့် ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု သိပ်သည်းသော တနိုင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ ဟိုပင်၊ ဗန်းမော် ဒေသများသို့ ဖြန့်ချီနေကြောင်း နှင့် မူးယစ်ဆေးကို ကချင်ပြည်နယ်ထက် ရှမ်းမြောက်တွင် ဈေးချိုသာစွာဖြင့် ဝယ်ယူနိုင်ကြောင်း ရေးသားထားပါသည်။
အစိုးရထိန်းချုပ်ရာဒေသဖြစ်သော ဖားကန့်ကျောက်မှော်၊ တနိုင်းရွှေမှော်များနှင့် အခြား နေရာများတွင် မူးယစ်ဆေးဝါးကို လွတ်လွတ်လပ်လပ် ဖြန့်ချီရောင်းချနိုင်အောင် တပ်မတော် နဲ့ ပြည်သူ့စစ် ကာကွယ်ပေးမှုအောက်လုပ်ဆောင်နေပြီး နယ်မြေခံ ရဲဝန်ထမ်းများ၏ လာဒ်စားမှုများလည်း ပါဝင်နေသည်ဟု ဖော်ပြထားပါသည်။
ထိုသို့ တစ်နှစ်ထက်တစ်နှစ် များပြားလာသော ကချင်ပြည်နယ် မူးယစ်ဆေးဝါး နွံ့ထဲတွင် ဆေးစွဲနေသူ အများစုမှာ ကချင်တိုင်းရင်းသားများ ဖြစ်ကြပြီး ရှမ်း နဲ့ ဗမာ တိုင်းရင်းသားများလည်း ရှိနေကြောင်း သိရသည်။
ကချင်ဒေသ ထိန်းသိမ်းရန် ခက်ခဲလှသော မူးယစ်အန္တရယ်ကို ရှင်းလင်းရန် ကချင်ခရစ်ယာန်အသင်းတော် အခြေပြု လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan (PJS)ကို ၂၀၁၄ တွင် ထူထောင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသများတွင် ဘိန်းခင်း ဖျက်စီးမှု အစီစဉ် လှုပ်ရှားခဲ့သော်လည်း အစိုးရ ပူးပေါင်းပါဝင်မှုမရှိသောကြောင့် ၂၀၁၆ နှောင်းပိုင်း တိတ်ဆိတ်သွားခဲ့သည်။
လက်ရှိတွင် PJS ခေါ်လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့က မူးယစ်အန္တရယ် ပညာပေးလုပ်ငန်း များသာလုပ်ဆောင်နေ ပြီဖြစ်ပါသည်။
ထို့ကြောင့် အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကို ပိုမို ထိရောက်စွာလုပ်ကိုင်ရန် လိုအပ်နေပြီး မူးယစ်တိုက်ဖျက်ရေး လုပ်ဆောင်နေသော လူထုကို နည်းပညာနှင့် အခြား အကူညီများ ပေးကာ ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း ထုတ်ပြန်ထားပါသည်။
“မြန်မာပြည် မူးယစ်ဆေးဝါး မကင်းစင်နိုင်တဲ့အကြောင်းရင်းမှာ တပ်မတော် နဲ့ ပြည်သူ့စစ် ထိန်းချုပ်နယ်မြေ မှာ ဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှု နဲ့ ဖြန့်ဖြူးနေမှုမှာ သူတို့ ပါဝင်နေတယ်လို့ တွေ့တယ်။ ဒီအချက်ကို ရပ်ပစ်သင့်ပါပြီ။ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို အတူလုပ်ဆောင်ရမယ်။ အစိုးရကော တပ်မတော်ကော ပြောတာက မူးယစ်တိုက်ဖျက်ဖို့ ခက်ခဲတာက တော်လှန်ရေးအဖွဲ့တွေ ရှိတဲ့ဘက်လို့ အပြစ်တင်ထားတာရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း နိုင်ငံရေးအမြန်ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ဒီမူးယစ်တိုက်ဖျက်ရေးမှာ အတူပူးပေါင်းရင်တော့ ဒီနိုင်ငံ အရမ်းငြိမ်းချမ်းပြီး မူးယစ်ကင်းစင်မယ်လို့ မြင်တယ်။” ဟု KIO ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီး Naw Bu (နော်ဘူ) ပြောဆိုသွားခြင်း ဖြစ်ပါသည်။
ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာပြည်နေရာအနှံ့ ဟောပြောပွဲများ ပြုလုပ်ကာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအချို့ကို မီးရှို့ဖျက်စီးသည့် အစီစဉ်များ ပြုလုပ်ခဲ့သည်ကို တွေ့ရပါသည်။







