ကချင်စစ်ရှောင်များအနေဖြင့် မိမိတို့ မြေနေရာ ဆုံးရှုံးရမှာ စိုးရိမ်ခြင်းထက် လုံခြုံစိတ်ချမှုရှိပြီး ဂုဏ်သိက္ခာရှိစွာဖြင့်သာ နေရပ်ပြန်သင့်ကြောင်း မြစ်ကြီးနားကို ရောက်ရှိနေသည့် ဥရောပသမ္မဂအဖွဲ့ (European Union) သံအမတ် Kristian Schmidt ပြောဆိုသွားပါသည်။
ယနေ့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းမှာ ပြုလုပ်တဲ့ ဥရောပသမ္မဂအကြောင်း နှင့် ပညာသင်ဆုများအကြောင်းကို မြစ်ကြီးနား တက္ကသိုလ်ကျောင်းသူ/သားများအား လာရောက်ရှင်းပြသည့် အစီစဉ်အပြီး သတင်းထောက်များကို သံအမတ်ကြီးက ပြောဆိုသွားခဲ့ခြင်း ဖြစ်ပါသည်။
“စစ်ရှောင်နေရပ်ပြန်မှုဟာ လုံခြုံစိတ်ချရပါမယ်။ ကူညီထောက်ပံ့မှုများနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရပါမယ်။ ပြီးတော့ စစ်ရေးပဋ္ဌိပက္ခရှိသေးတဲ့နေရာမှာ ဘယ်လိုမှ ပြန်ဖို့ နည်းလမ်းမရှိပါဘူး။ တပ်မတော် နဲ့ KIA ကလည်း ဆွေးနွေးဖို့ အရေးကြီးပြီး ပူးပေါင်းလုပ်ဆောင်ရပါမယ်။ လုံခြုံစိတ်ချပြီ ဖြစ်ကြောင်း ကြေငြာထားတဲ့ နေရာဖြစ်ရမယ်။ စစ်ရေးလှုပ်ရှားမှု မရှိရတော့ဘူး။ အရေးကြီးတဲ့စည်းမျဉ်းတွေကတော့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ မြန်မြန် နေရပ်ပြန်ဖို့ စီစဉ်တာမျိုး မဖြစ်ရဘူး။ ပြင်ဆင်ရမယ်။ အားလုံး သဘောတူရမယ်။ စနစ်တကျ အကောင်ထည်ဖော်ရမယ်” ဟု ပြောဆိုသွားခဲ့ခြင်း ဖြစ်ပါသည်။
လက်ရှိ နေရပ်ပြန်ပြီဖြစ်သော နမ်ဆန်ယန်ကျေးရွာနှင့် ပတ်သက်ပြီး သံအမတ်ကြီးက ယခုလို ဆက်လက် သုံးသပ်ထားပါသည်။
“နမ်ဆန်ယန်မှာ နေရပ်ပြန်တာနှင့် ပတ်သက်ပြီး ပြင်ဆင်မှု အများကြီးလိုသေးတယ်လို့ မြင်တယ်။ တပ်မတော် နဲ့ KIA နှစ်ဖက်စစ်တပ်စခန်းက နီးနီးကပ်ကပ် ရှိနေသေးတယ်။ မိုင်းရှင်းလင်းရေးကလည်း မပြီးသေးဘူး။ အခုပြန်တဲ့သူတွေဆို သူတို့မြေယာတွေ ဆုံးရှုံးမှာ စိုးရိမ်လို့ ပြန်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကောင်း ပြင်ဆင်မှုတွေ ရှိပြီးမှ ပြန်တာကောင်းပါတယ်။” ဟုပြောဆိုသွားပါသည်။
တပ်မတော်ဘက်မှ တစ်ဖက်သတ်အပစ်ရပ်ထားတဲ့ ကာလအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲ မရှိသလောက်နည်းပါးခဲ့မှုဟာ စစ်ရှောင်တွေကို နေရပ်ပြန် အခြေချနိုင်ဖို့ ပြင်ဆင်မယ့် အခွင့်အရေးဖြစ်တယ်လို့ ပြောဆိုသွားပါသည်။
ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပြီး ထိုအထဲ NCA လက်မှတ်ထိုးပြီးအဖွဲ့များ၊ မထိုးသေးသော အဖွဲ့များ စုံစုံညီညီ ပါဝင်သင့်တယ်လို့လည်း ပြောဆိုခဲ့သည်။
စစ်ရေး ပဋ္ဌိပက္ခလျှော့ချရေးအကြောင်းအရာ တင်မဟုတ်ဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်လည်း ဆွေးနွေးသင့်ပြီး ် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အမျိုးသမီးများ ပါဝင်သင့်ကြောင်း အကြံပြု ပြောဆိုသွားပါသည်။
EU သံအမတ်ကြီး Kristian Schmidt သည် ပထမအကြိမ် မြစ်ကြီးနား တက္ကသိုလ်ကျောင်းသူ/သား များနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ‘EU in Myanmar, EU in the world’ ခေါင်းစဉ် ဖြင့် ရှင်းလင်းပို့ချမှု ပြုလုပ်ခဲ့ကာ တက္ကသိုလ်ကျောင်းသား ၁၀၀၀ ခန့် ပါဝင် ခဲ့သည်ကို တွေ့ရပါသည်။







