နေရပ်ပြန်လိုသော ချီဖွေ စစ်ရှောင်များကို ကြက်ခြေနီအသင်းမှ အိမ်ယာများ ဆောက်လုပ်ပေး

နေရပ်ပြန်လိုသော ချီဖွေ စစ်ရှောင်များကို ကြက်ခြေနီအသင်းမှ အိမ်ယာများ ဆောက်လုပ်ပေး

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင်းရှိ စစ်ရှောင်များအား မိမိဆန္ဒအလျောက်ပြောင်းရွှေ့နေထိုင်လိုသူများအတွက် ပထမဆုံးအကြိမ် စီမံကိန်းအိမ်ယာများ ဆောက်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း စစ်ရှောင်တာဝန်ခံများက ဆိုသည်။

Chipwe (ချီဖွေ)မြို့နယ်တွင်းရှိ လော်ဝေါ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (LBC)နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အသင်းတော်များတွင် ခိုလံှုနေထိုင်ကြသည့် စစ်ရှောင်များ မိမိဆန္ဒအလျောက်ပြောင်းရွှေ့နေထိုင်လိုသည့် အိမ်ထောင်စုများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပထမဆုံးအကြိမ်အဖြစ် စီမံကိန်း အိမ်ယာဆောက်လုပ်ပေးပြီး စတင်ပြောင်းရွှေ့ထားပြီ ဖြစ်ကြောင်း လော်ဝေါ်နှစ်ခြင်းအသင်းတော်မှ စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

“ပြောင်းရွှေ့နေထိုင်ချင်တဲ့သူတွေ နာမည်စာရင်း လိုက်ကောက်တဲ့ချိန်မှာ ပြောင်းချင်တဲ့သူတွေက အရမ်းများနေကြတဲ့ချိန်ကျတော့ မဲစနစ်နဲ့ဘဲလုပ်လိုက်ရတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ ဒီတစ်ကြိမ်ပြီးရင် နောက်ထပ်ပြန်ပြီး စီမံကိန်းအိမ်ယာတွေ ထပ်ပြီးဆောက်လုပ်ပေးသွားအုံးမယ်လို့ပြောပါတယ်။” ဟု လော်ဝေါ်နှစ်ခြင်းအသင်းတော်မှ စစ်ရှောင်တာဝန်ခံတစ်ဦးဖြစ်သူ အမူတော်ဆောင် ဆရာမ ဒေါ်တိုက်ညွယ် (Tai Nyoi)က ခုလိုပြောသည်။

ယခုပြောင်းရွှေ့ပေးနေသည့် စီမံကိန်းအိမ်ယာသည် စစ်ရှောင်များ၏ မူလနေရပ်တွင်မဟုတ်ဘဲ ချီဖွေမြို့မှ ၁မိုင်ခန့်ကွာဝေးသည့် မဂေါင်ကျေးရွာတွင်ဖြစ်ပြီး ပထမဆုံးပြောင်းရွှေ့နေထိုင်သည့် အကြိမ်ဖြစ်သည့်အတွက် အဆင်မပြေမှုများစွာရ်ှိကြောင်း ၎င်းကဆက်ပြောသည်။

“မနေ့က စပြောင်းတဲ့အနေနဲ့ ဆုတောင်းတာတွေအားလုံးလုပ်ပြီးသွားပြီ ဒါပေမယ့် ခုလောလောဆယ်မှာ အိမ်ခြေ ၁၁ အိမ်သုံးဖို့အတွက် တောင်ကျရေကနေသွယ်ထားတဲ့ ရေပိုက်အသေးတစ်ခုဘဲ ရှိတော့ ရေအဆင်မပြေတာတွေ ပြီးတော့ မီးမရသေးဘူး။ အိမ်ဆိုအိမ်သက်သက်ဘဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီစစ်ရှောင်စခန်းမှာ နေရတာထက်စာရင် စိတ်ထဲမှာ ကိုယ့်အိမ်ဘဲဆိုတော့စိတ်နဲ့ နေရတာပိုပြီးတော့လွတ်လပ်တယ်။” ဆိုပြီး မကောင့်ကျေးရွာတွင်ပြောင်းရွှေ့နေထိုင်ပြီဖြစ်သည့် စစ်ရှောင်တစ်ဦးဖြစ်သူ ဒေါ်ဘောမ်မျှော် (Bawm Myaw)က ပြောသည်။

Makawk (မကောင့်)ကျေးရွာတွင် စတင်ပြောင်းရွှေ့နေကြသည့် စစ်ရှောင်အိမ်ထောင်စုများသည် ၂၀၁၂ ခုနှစ်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA များကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြောင်းရွှေ့လာကြသည့် စစ်ရှောင်များဖြစ်သည်။

ယခုကဲ့သို့ စီမံကိန်းအိမ်ယာဖြင့် စတင်ပြောင်းရွှေ့ပေးနေသော်လည်း ရာခိုင်နှုန်းအားဖြင့် ပြောင်ရွှေ့နေထိုင်လိုသူများ နည်းနေသေးကြောင်း စစ်ရှောင်တာဝန်ခံများက ဆိုသည်။

“ကျမတို့က ကိုယ့်နေရပ်ဘဲကိုယ်ပြန်ချင်တယ်။ ခုစီမံကိန်းအိမ်ယာဆိုတာက အိမ်သက်သက်ဘဲရှိတယ်။ အဲဒါကြောင့် ပြောင်းရွှေ့နေထိုင်ဖို့ အဆင်မပြေဘူး။ လုပ်ကိုင်စားသောက်ဖို့အတွက်လည်း ဘာမှမရှိဘူး။ ကိုယ့်ရပ်ရွာမှာဆိုရင်တော့ ကိုယ်ပိုင်လယ်တွေ ကိုယ်ပိုင်မြေတွေရှိတယ်။ ဒီမှာက ကိုယ့်နေရာမဟုတ်တဲ့ချိန်ကျတော့ အစစအရာအရာအရမ်းခက်တယ်။ ပြောင်းဖို့ဆိုရင် ကိုယ့်နေရပ်ဒေသကိုပဲ ပြန်ချင်တယ်” ဆိုပြီး ပြောင်းရွှေ့ရာတွင် မပါဝင်သည့် စစ်ရှောင်တစ်ဦးဖြစ်သူ ဒေါ်ဘောမ်နမ် (Bawm Nam)က ပြောသည်။

ချီဖွေမြို့နယ်အတွင်း စစ်ရှောင်အိမ်ခြေစုစုပေါင်း ၅၀၀ခန့် ရှိပြီး စစ်ရှောင်အများစုသည် မိမိနေရပ်သို့သာ ပြန်လည်နေထိုင်ချင်ကြသည့်အတွက် ၎င်းတို့က သက်ဆိုင်ရာအစိုးရဌာနများမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးရန် မျှော်လင့်နေကြသည်။

January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...