ဖမ်းဆီးခံထားရသူ အောက်သားကန်ကျေးရွာသား ငါးဦး နှစ်လကြာမှ ပထမဆုံးအကြိမ် မိသားစုနှင့်တွေခွ့င့်ရ

ဖမ်းဆီးခံထားရသူ အောက်သားကန်ကျေးရွာသား ငါးဦး နှစ်လကြာမှ ပထမဆုံးအကြိမ် မိသားစုနှင့်တွေခွ့င့်ရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာမှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွာသား ၅ ဦးနှင့် မိသားစုများသည် ဖမ်းဆီးခံရပြီး (၂) လ အကြာ ယနေ့တွင် ပထမဆုံး အကြိမ် တွေ့ဆုံခွင့် ရခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတို့ ၅ ဦးမှာ ဦးစိန်ထွန်း (၄၁) နှစ်၊ ဦးဘထွန်း (၆၈) နှစ်၊ ဦးမောင်ဖြူချေ (၄၉) နှစ်၊ ဦးလှသိန်းအောင် (၄၉) နှစ်နှင့် ဦးကိုနိူင် (၄၅) နှစ် တို့ ဖြစ်ကြသည်။

၎င်းတို့ ၅ ဦးအား မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂ လအကြာ ယနေ့ မေလ ၃၀ ရက်နေ့တွင် စစ်တွေအမှတ်(၁) ရဲစခန်းတွင် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့သည်ဟု ဖမ်းဆီးခံထားရသူ တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ ဦးမောင်နီက ပြောသည်။

“အပြင်ကနေပြီးတော့ စကားပြောရတာပါ။ သူတို့ ၅ယောက်က ဥပဒေအရလုပ်ပေးမယ်ဆိုလည်းလုပ်ပေး၊ လွှတ်ပေးမယ်ဆိုလည်း မြန်မြန်လွှတ်ပေးပါဆိုပြီး ကျွန်တော်တို့ကို တောင်းဆိုပါတယ်။ ဘာကြောင့်ခုလို ရုံးမထုတ်ရတာလဲဆိုပြီးတော့ သူတို့ ၅ယောက်က ကျွန်တော်တို့ကို အထဲကနေပြီးပြောပါတယ် ။ သူတို့လည်း အပြစ်မရှိဘဲ အချုပ်ထဲ ကြာကြာမနေချင်ကြတော့ပါဘူး”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံထားရသူများသည် အပြစ်ရှိလျှင်လည်း အစိုးရဘက်မှ တရားဥပဒေအညီ လွတ်ပေးစေလို ကြောင်း၊ အမှန်တရား အတိုင်းလုပ်ဆောင်စေလိုပြီး ခိုင်ခိုင်မာမာသက်သေမရှိဘဲ တရားစွဲခြင်းများ အပါအဝင် အချုပ်ထဲတွင် အချိန်အကြာကြီး ဖမ်းဆီးမထားစေလိုကြောင်း ဖမ်းဆီးခံထားရသူ ၅ဦးအထဲမှ ဦးစိန်ထွန်းဇနီးဖြစ်သူ ဒေါ်နုနုယဉ်က ပြောသည်။

“ကျွန်မရဲ့အမျိုးသားကို ပြန်လွတ်ပေးစေချင်ပါတယ်။ သူ့မှာ ဘာအပြစ်မှမရှိပါဘူး။ စစ်သားတွေက ရွာထဲမှာ ပစ်ခတ်မူတွေလုပ်ပါတယ်။ ကျွန်မတို့ အိမ်ရှေ့ကိုလာပြီး ကျွန်မအမျိုးသားကိုခေါ်ပါတယ်။ ထွက်မလာရင် တစ်ရွာလုံးကို မီးရှိူ့လိုက်မယ်ပြောတော့ ကျွန်မအမျိုးသားထွက်သွားတော့ ဦးထွန်းမြတ်နိုင်ပုံကိုပြပြီး မင်းအိမ်ကရတာလို့ပြောပါတယ်။ ကျွန်မအမျိုးသားကို သူတို့ ရိုက်ကြပါတယ်။ နောက်ပြီးဖမ်းခေါ်သွားခဲ့တာပါ။ ကျွန်မတို့ အိမ်မှာ အဲပုံဘယ်တုန်းကမှလည်း မရှိခဲ့ပါဘူး။ ဘာမှမဆိုင်ဘဲ မတရားဖမ်းခေါ်သွားတာပဲလို့ ကျွန်မမြင်ပါတယ် ”ဟု ဒေါ်နုနုယဉ်က ပြောဆိုသည်။

တစ်ဘက်တွင်လည်း ဖမ်းဆီးခေါ်ဆောင်သွားသည့် ၅ ဦးကို အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅၀ (ဈ)ဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းမှူးအား နိရဉ္စရာသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ မအားသေးဟု ဖြေဆိုသဖြင့် မည်သည့်အချိန်တွင် အားမည်ကို ပြန်လည်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာတွင် မတ် ၂၉ ရက်နေ့ နံနက်က ပစ်ခတ်မှု ဖြစ်စဉ်တွင် အသက် (၆၀) နှစ် အရွယ် ဦးဖိုးခိုင်နှင့် ဆိုင်ရောင်းနေသည့် အမျိုးသမီး ငယ်တစ်ဦးတို့ သေဆုံးခဲ့ရသည်။

၎င်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦသိန်းကျော်နိုင် (၃၅) နှစ်(ဘ) ဦးမောင်သန်းစိန် အပါအဝင် ဦးစိန်ထွန်း (၄၁) နှစ်(ဘ) ဦးသာလှထွန်း၊ ဦးလှသိန်းမောင်(၄၉) နှစ်(ဘ) ဦးလှပြည့်အောင်၊ ဦးဘထွန်း(၆၄) နှစ်(ဘ) ဦးလုံးကျော်အောင်၊ ဦးမောင်ဖြူချေ(၄၉)နှစ် (ဘ) ဦးငပုနှင့် ဦးကိုနိုင် (၄၅) နှစ်တို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

နောက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦသိန်းကျော်နိုင်အား လွတ်ပေးလိုက်ပြီးကျန် ရွာသား ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းကာ အကြမ်းဖက်မှုဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

အလားတူ အောက်သကန်ကျေးရွာအနီးရှိ လက္ကာကျေးရွာမှလည်း ရွာသား ၂၄ ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...