မြန်မာနိုင်ငံရှိ ဂေါ်ရခါး လူမှုကူညီရေးအသင်းကြီး၏ နယ်လှည့်ဆေးဝါးကုသမှုနှင့် ကျန်းမာရေးအသိပညာပေးခြင်း အစီစဉ်ကို အတာသြင်္ကန်ပွဲတော်ကာလအတွင်း ကချင်ပြည်နယ် စစ်ရှောင်စခန်းများတွင် ပြုလုပ်သွားကြကြောင်း ဂေါ်ရခါးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ ဆေးဝါးကုသမှုနှင့် ကျန်းမာရေးပညာပေးခြင်း အစီစဉ်ကို ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ RC စစ်ရှောင်စခန်းနှင့် KBC စစ်ရှောင်စခန်း ၂ ခုတွင် အဓိက ကုသပေးခဲ့ကြောင်း ဂေါ်ရခါးလူမှုကူညီရေး ဥက္ကဌ ဦးမန်းဗဟာဒူး ယလို ကချင်သတင်းဌာန KNG ကို ပြောသည်။
“အစကတော့ ကျနော်တို့အဖွဲ့က ပညာရေးထောက်ပံ့မှုကို အဓိကလုပ်တယ်။ ဒါပေမယ့် ကျန်းမာရေးကလည်း အရေးကြီးတာဖြစ်တဲ့အတွက် ဆေးဝါးကုသမှုကိုပါ ထပ်လုပ်ပေးတာဖြစ်တယ်။ တစ်ကယ့်ကို ကျန်းမာရေးအထောက်အပံ့လိုအပ်နေတဲ့ နေရာတွေကို ဦးစားပေးတာဖြစ်တယ်။” ဟု ဆိုသည်။
ပထမနေ့ ဆေးကုသပေးမှု အစီစဉ်ကို မြစ်ကြီးနား လယ်ကုန်းရပ်ကွက် Ziun ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် စစ်ရှောင်စခန်းတွင် ဧပြီလ ၁၄ ရက်နေ့ ပြုလုပ်ခဲ့ရာ ကချင်ဒီမိုကရက်တစ်ပါတီ KDP မှ ပါဝင်ကူညီပေးခဲ့သည်ဟု ပါတီ ခေါင်းဆောင် ဒူဝါကွမ်ဂေါင် အောင်ခမ်း မှ ကချင်သတင်းဌာန KNG ကို ပြောပါသည်။ ၎င်းနောက် ဝိုင်းမော်မြို့နယ် RC နှင့် KBC စခန်း ၂ခုတွင် ဧပြီလ ၁၆ ရက်နေ့ ပြုလုပ်သည့် ဆေးကုသမှုအစီစဉ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး (၃)ဦး ပါဝင်ကူညီပေးခဲ့သည်။
ဂေါ်ရခါးလူမှုကူညီရေး အသင်းက နယ်လှည့်ဆေးဝါးကုသမှုအစီစဉ်ကို ၂၀၁၈ ခုနှစ်တွင် ရှမ်းပြည်နယ်ရှိ စစ်ရှောင်စခန်းရှိများတွင် ပထမဆုံးအကြိမ် လိုက်လံကုသပေးခဲ့ဲပြီး ယခုကချင်ပြည်နယ်တွင် လာရောက်ကုသပေးခြင်းသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့အဖွဲ့မှာ ဆရာဝန်စုစုပေါင်း ၁၂ ယောက်ပါတယ်။ ဒီသြင်္ကန်အတောအတွင်းမှာပဲ ဆရာဝန်တွေအားတာဖြစ်တဲ့အတွက် ဒီချိန်မှာ လုပ်ရခြင်းဖြစ်တယ်။ “ ဟု ဂေါ်ရခါး လူမှုကူညီရေးအသင်းကြီးမှ ဒုဥက္ကဌ ဘာဆူးကူးမားက ပြောသည်။
ဂေါ်ရခါး လူမှုကူညီရေးအသင်း ဆရာဝန်များ ဝိုင်းမော်မြို့နယ် RC စစ်ရှောင်စခန်းတွင် ဆေးကုသပေးနေပုံ၊ ဧပြီလ ၁၆၊ ၂၀၁၉
ဂေါ်ရခါးလူမူကူညီရေးအသင်းကြီးသည် ၁၉၅၇ ခုနှစ်မှစကာ တက္ကသိုလ်ကျောင်းတက်ရန် အဆင်မပြေသည့် ဂေါ်ရခါးကျောင်းသူ/ သားများအား စတင်ကူညီခဲ့သည့် အချိန်မှစတင်ခဲ့ကြကြောင်း ၎င်းကဆက်ပြောသည်။
“ အရင်ကတော့ ဒီအသင်းက ဂေါ်ရခါးလူမျိုးများအကြား သူငယ်တန်းကနေစပြီး ၁၀ တန်းထိကျောင်းမတက်နိုင်တဲ့သူတွေကို ထောက်ပံ့လာခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ကစပြီး ဂေါ်ရခါးအသိုင်းအဝိုင်းမှာဘဲ မဟုတ်တော့ပဲနဲ့ လူမျိုးပေါင်းစုံနဲ့ လိုအပ်တဲ့နေရာလေးမှာ သွားရောက်ကူညီဖို့ရန် စီစဉ်ခဲ့တာဖြစ်တယ်။” ဟု ဆိုသည်။







