KNU ဧရိယာအတွင်း ပြုပြင်ဖောက်လုပ်နေဆဲ ကားလမ်းအား ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မတော် ထုတ်ပြန်

KNU ဧရိယာအတွင်း ပြုပြင်ဖောက်လုပ်နေဆဲ ကားလမ်းအား ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မတော် ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် သံဘို-မူသဲ- ဘော်စဲခို- ပလာခို့- ယွန်းစလင်းဖွံ့ဖြိုးရေးလမ်းပေါ်ရှိ မူသဲ တံတားဆောက်လုပ်နေမှုနှင့် လမ်းဖောက်လုပ်မှုများအား နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဝက်ဆိုဒ်တွင် မတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

မြန်မာ့တပ်မတော်မှ လုပ်ဆောင်နေသည့် အဆိုပါ လမ်းဖောက်လုပ်နေမှုများနှင့်ပတ်သက်ပြီး ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်နှင့်ဒေသခံအချို့၏ ကန့်ကွက်မှုများရှိနေသည့်အတွက် နှစ်ဖက်ညှိ နှိုင်းမှုများရှိခဲ့သော်လည်း ယနေ့အထိတစ်စုံတရာ ပြေလည်မှုမရှိသေးသည့် လမ်းဖောက်လုပ်မှုစီမံကိန်းလည်း ဖြစ်သည်။

တောင်ပိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးမျိုးအောင်က“ ဒီလမ်းက ဘတ်ဂျက်လည်းကျထားပြီးသား၊ ပြီး တော့ဒေသဖွံ့ဖြိုးရေးအတွက် လမ်းလည်းဖြစ်တယ်။ နွေရာသီမှာတော့ ဒီကရှိတဲ့တပ်တွေအတွက် ရိက္ခာပို့တာ က တစ်ကြိမ်တည်းရှိပါတယ်။ ကျန်တာတော့ ဒေသခံတွေပဲ ဒီလမ်းအကျိုးကို ခံစားရမှာ။ တဖက်ကလည်း ကျနော်တို့ဖောက်သလို တဖက်အဖွဲ့အစည်း KNU ကိုရော၊ ဒေသခံတွေကိုရော စဉ်ဆက်မပြတ်ညှိနှိုင်း တိုင်ပင်မှု တွေ လုပ်ဆောင်သွားရမှာပဲဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကျောက်ကြီးနှင့် တောင်ငူမြို့များသို့ အလွယ်တကူသွားလာနိုင်မည့် လမ်းအရှည် ၅၁ မိုင် ၇ ဖာလုံရှိသည့် သံဘို -မူသဲ-ဘော်စဲခို-ပလပ်ခို-ယွန်းစလင်း လမ်းဖောက်နေမှုများကို တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက ၁၂ ပေလမ်း မှ ၃၄ ပေ အကျယ်လမ်းကြောင်းအဖြစ် နှစ်အလိုက်စီမံချက်ချမှတ်ကာ ပြုပြင်ပေးနေခြင်းဖြစ်သည်ဟု တပ်မတော်ဘက်မှ ဆိုသည်။

တပ်မတော်၏ လမ်းဖောက်လုပ်နေမှုနှင့်ပတ်သက်ပြီး ကားလမ်းများ ထပ်မံ ပြုပြင်တိုးချဲ့ခြင်းမပြုရန် ဒေသခံ များ က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် KNU ညောင်လေးပင်ခရိုင်တာဝန်ရှိသူများထံ စာရေးသား ပေးပို့မှုများရှိခဲ့သလို ယခုလမ်းကို မူလရှိပြီးသား လမ်းအကျယ်ထက် တိုးချဲ့ဖောက်လုပ်ခြင်းမပြုရန် KNU ညောင်လေးပင်ခရိုင်ဘက်ကလည်း တုံ့ပြန်ပြောဆိုမှုများလည်းရှိခဲ့သည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၃ တပ်မဟာမှူး ဗိုလ်မှူး ချုပ်စောအယ်ကလူသိန်းက “လမ်းကိစ္စနဲ့ပတ်သက်လို့ တွေ့မယ်ဆိုလို့ တစ်ခါပဲတွေ့ဖူးတယ်။ မလုပ်ပါနဲ့လို့ ပြော တာ၊ သူတို့က မလုပ်လို့မှ မရတာ၊ အထက်က ညွှန်ကြားတာဆိုတော့ နောက်ကျတော့ အတွင်းမှာ ပစ်ခတ်မှု တွေ၊ မငြိမ်မသက်မှုတွေဖြစ်တာပေါ့။ တံတားဆောက်မယ်၊ ဒီကလည်းခွင့်မပြုဘူးကွာ။ တံတားကိုတော့ မလုပ်တော့ဘူးပြောတာပဲ။ ဟုတ်မဟုတ် တော့မသိဘူး။ အခုလောလောဆယ်တော့ ငြိမ်နေတယ်။ မလုပ်ရင်တော့ ဘာမှမဖြစ်ဘူး။ လုပ်ရင်တော့ ပြဿနာက ထပ်တိုးလာမှာပေါ့။ ”ဟု ပြောသည်။

ထို့အပြင် ယခင်လ မတ်လ ၂၁ ရက်က မူသဲကျေးရွာအရှေ့ဘက်တွင် တည်ဆောက်နေသော အရှည် ၄၀ ပေ၊ အကျယ် ၁၄ ပေ ရှိသည့် (မူသဲ)သံကူကွန်ကရစ်တံတားအမျိုးအစား ဆောက်လုပ်မှုအား ဒေသခံအချို့မှ ကန့် ကွက်မှုများရှိခဲ့သလို နှစ်ဖက်တင်းမာမှုများကြောင့် တံတားဖောက်လုပ်ရာ နေရာအနီးရှိ အိမ်ထောင်စု ၁၃ စုမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

တပ်မတော်မှ လုပ်ဆောင်နေသည့် အဆိုပါ လမ်းဖောက်လုပ်မှုများအား မကျေနပ်သည့်အတွက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ တပ်မတော်ယာဉ်မောင်း တစ်ဦးသေဆုံးသွားသည့်ဖြစ်စဉ်များ ရှိခဲ့ သည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...