နမ္မတူမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၃ ယောက်သေ

နမ္မတူမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၃ ယောက်သေ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းရှိ မန်လီကျေးရွာ အနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသည် ဟု နယ်ခြားမခြား ပရဟိတ လူမှုကူညီရေးအသင်းက ကိုမျိုးက ပြောသည်။

“အခြေအနေကတော့ ၃ ယောက်သေတယ် ၄ ယောက် ဒဏ်ရာရတယ်” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရ သေဆုံးသူများမှာ မန်လီရွာသားများဖြစ်ပြီး ယနေ့နံနက် ၅ နာရီ အချိန်ခန့်က တောင်ယာ သို့ သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည် ဟု ကိုမျိုးက ဆက်ပြောသည်။

“သူတို့မနက်ကို တောင်ယာသွားကြတယ်လို့ပြောတယ်။ ရွာကလူတွေ ပြောသလောက်ဆိုရင် တောင်ယာသွား ရင်းနဲ့ အဲဒီမှာ မိုင်းကွဲရင်းနဲ့ အဲဒီမှာ အကုန် ၇ ယောက်ထိတာပေါ့။ ၇ ယောက်ထိပြီးတော့ ၃ ယောက်သေတယ်။ ၄ ယောက် ဒဏ်ရာရတယ်”

ထိခိုက်ဒဏ်ရာ ရသူများထဲမှ အခြေအနေစိုးရိမ်ရသည့် လူနာတစ်ဦးကို လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန် ၃ ဦးမှာ သီပေါဆေးရုံတွင် ဆေးဝါးကုသမှုခံ ယူနေရသည် ဟု နယ်စည်းမခြား ပရဟိတ လူမှုကူညီရေးအသင်း က ပြောသည်။

“ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဒီတောင်ယာခင်းတွေ လူသွားလမ်းတွေပေါ့နော ဒီရွာပတ်ဝန်းကျင် တွေမှာတော့ ဒီလိုမျိုးတွေ မဖြစ်စေချင်ပါဘူး။ ကျနော်တို့ အနေနဲ့ကတော့ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက စားဝတ်နေရေးအတွက် သွားလာနေကြတဲ့အတွက်ကြောင့်မို့လေနော်” ဟု ကိုမျိုး က ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူများမှာ အိုက်ဟိန်း ၃၄ နှစ်၊ မိုင်းအိုက်လောဝ် ၁၅ နှစ် နှင့် လွေးအေးဆောင် ၁၄ နှစ် တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၄ ဦးမှာ လွေးအေးအောင် ၃၅ နှစ်၊ ဒေါ်အဲဆင် ၄၂ နှစ်၊ လွေးမိုးနွမ်း ၁၈ နှစ် နှင့် လွေးအေးကော ၁၅ နှစ် တို့ဖြစ်သည် ဟု သိရသည်။

လားရှိုးဆေးရုံသို့ပို့ထားသူ လွေးအေးအောင်မှာ အခြေအနေစိုးရိမ်ရသည်ဟု ပြောသည်။ လွေးအေးအောင်မှာ ဘယ်ခြေနှင့် ညာရင်ဘတ်တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိထားပြီး သွေးသွင်းမှုများ ပြုလုပ်နေရကာ အရေးပေါ်ခွဲစိတ်ဖို့လည်း လိုအပ်နေသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ပြောသည်။

အရေးပေါ်ခွဲစိတ်မှုပြုလုပ်နိုင်ရေး ငွေရေးကြေးရေးအခက်အခဲဖြစ်နေသည့်အတွက် အကူအညီလိုအပ်နေသည် ဟု ပြောသည်။

ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ ကျေးရွာများအနီးတွင် မကြာခဏဖြစ်ပွားနေသည့်အတွက် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိုင်းမထောင်ကြရန် တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က တောင်းဆိုသည်။

“ရွာဘေးမှာ ခဏခဏ မိုင်းပေါက်နေတာတွေက အဲလိုဟာမျိုးတွေကို ရှောင်ရှားဖို့လိုတယ်ပေါ့နော ဘာလို့လဲ ဆိုရင် နှစ်ဦးနှစ်ဖက် တိုက်ခိုက်တာကတော့ တိုက်ခိုက်လို့ရတယ်။ မိုင်းထောင်တယ်ဆိုတာကလည်း အများဆုံး ထိနေတဲ့ဟာတွေက ဒီတပ်ဖက်ကလူတွေက ထိတာမဟုတ်ဘူး အများဆုံးထိတာသည် ပြည်သူလူထုတွေ ဖြစ် တယ်။ ပြည်သူလူထုတွေရဲ့ အသက်တွေကို ငှဲညာသောအားဖြင့်ပေါ့နော ဘယ်သူပဲ ဖြစ်ဖြစ် မိုင်းမထောင်ဖို့ ကျမတို့အနေနဲ့ တောင်းဆိုချင်တယ်ပေါ့နော” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO အထွေထွေအတွင်း ရေးမှူး လွေးပိုးကမေဲးခြိုပ်း က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ္မတူမြို့နယ်အတွင်းတွင် မြန်မာတပ်မတော်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ မြောက်ပိုင်းမဟာမိတ် အဖွဲ့ များဖြစ်သည့် SSPP/SSA နှင့် PSLF/TNLA တို့ လှုပ်ရှားသွားလာနေသည့် နေရာဖြစ်သည့်အတွက် ယခုကဲ့သို့ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပွားပါက မိုင်းထောင်ထားသည့် အဖွဲ့ကို သိရှိနိုင်ရန် ခက်ခဲသည်ဟု ဒေသခံများက ပြောသည်။

September 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအနီး အဝတောင်-စနဲ လမ်းပိုင်းပေါ်သို့...
September 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် စစ်အုပ်စုတပ်က ယာဉ်ထိန်းရဲ၊...
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...