‘ကတူး’ ရိုးရာပွဲတော်ကို ညီနောင် ကချင်များ မနောအကဖြင့် ပါဝင်ဆင်နွဲ

‘ကတူး’ ရိုးရာပွဲတော်ကို ညီနောင် ကချင်များ မနောအကဖြင့် ပါဝင်ဆင်နွဲ

‘ကတူး’ တိုင်းရင်းသားများရိုးရာပွဲတော်တွင် ညီနောင် ကချင်တိုင်းရင်းသားများလည်း ကချင်ရိုးရာ Manau အကနှင့်အတူ သုံးရက်ကြာပွဲတော်ကို ကတူးလူမျိုးများ အဓိကနေထိုင်သော စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်တွင် ကျင်းပခဲ့သည်။

ပွဲတော်ကို ဗန်းမောက်မြို့နယ် စက်တောကျေးရွာအုပ်စု စက်တောကုန်းရိုးကြီးကျေးရွာတွင် မတ်လ ၂၅မှ ၂၇ ထိ ကျင်းပခဲ့ရာ ကချင်ရိုးရာ မနောအက ကခြင်း အစီစဉ်ကို ပထမနေ့ ဖွင့်ပွဲနေ့မှ ဒုတိယနေ့ထိပြုလုပ်ခဲ့သည်။

“ကျနော်တို့အဖွဲ့ကို ဖိတ်တဲ့အတွက် ကျနော်တို့ ၄ယောက် ကတူးညီနောင်တွေရဲ့ ရိုးရာပွဲကို ကချင်ရိုးရာ ဓါးလွယ်၊ လွယ်အိတ်နဲ့ သွားရောက်ပေးပြီး ပါဝင်ခဲ့တယ်။ ဝမ်းသာတယ် အခုလို ကတူးတွေနဲ့ ကျနော်တို့က ညီအစ်ကိုယ်တွေလို ပါပဲ” ဟု အင်းတော်မြို့နယ် နန့်စီးအောင် ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ ခေါင်းဆောင် Sara Laru Gam Yaw (ဆရာလရူ ဂမ်ယော) က ဆိုသည်။

ဖွင့်ပွဲနေ့ ညနေပိုင်းအစီအစဉ်တွင် ကတူး၊ ကနန်း၊ ရှမ်းနီ နှင့် ကချင် လူငယ်များ၏ အကပဒေသာ နှင့် စတိတ်ရှိုးများဖြင့် ဖြေဖျော်တင်ဆက်ခဲ့ကြသည်။

ပွဲတော် တတ်ရောက်သူများတွင် ကချင်တိုင်းရင်းသားများ ၂၀၀ ခန့်နှင့် ကတူး တိုင်းရင်းသားများ ၂သောင်းခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

 

“တိုင်းရင်းသားတွေက နယ်တွေမှာ တကွဲတပြားနေနေတဲ့တွက် ဒီလိုပွဲလေးတွေကို နှစ်တိုင်းနှစ်တိုင်းလုပ်ပေးဖို့ အရေးကြီးတယ်။ ကျနော်တို့က တစ်နေရာနဲ့တစ်နေရာကွဲပြီး နေနေရတဲ့ခါကြတော့ စုစုစည်းစည်းမရှိတဲ့ပါဘူး။ ဒီလိုပွဲလေးလုပ်ပေးမှ တိုင်းရင်းသားတွေကလည်း စည်းစည်းလုံးလုံးနဲ့ စုစုစည်းစည်းဖြစ်မယ်လို့ ဒီပွဲလေးရဲ့ ရည်ရွယ်ချက်ပါ” လို့ ကတူး အမျိုးသားအဖွဲ့ အတွင်းရေးမှူး ဆရာ ဦးမောင်မောင်အေး က ပြောခဲ့သည်။

 

မတ်လ ၂၅ ဖွင့်ပွဲနေ့ ည ၉ နာရီတွင် ဆက်တောမြို့ ခန်းမတွင် ကတူး၊ ကနန်း နှင့် ကချင်လူငယ်များ တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ခဲ့ရာ ‘ကတူးညီနောင်များ နှင့် ကချင်တိုင်းရင်းသားများဟာ ဆွေမျိုးညီအစ်ကို စစ်စစ်ဖြစ်ကြောင်း၊ ကတူးမျိုးနွယ်များ ပျောက်ဆုံးလုနီးပါးရှိခြင်း၊ စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ ဗန်းမောက် နှင့် ကချင်ပြည်နယ် မိုးကောင်း၊ မိုးညှင်းမြို့နယ်များတွင် ကတူးမျိုးနွယ်စုများ ၁သိန်းခွဲ ရှိသော်လည်း အစိုးရ စာရင်းတွင် ၁ သောင်းခွဲ ခန့်သာရှိကြောင်း၊ ကိုးကွယ်သည့်ဘာသာ၊ မှတ်ပုံတင်ကဒ်နှင့်ပတ်သတ်၍ တိတိကျကျရေးသားပေးခြင်း မရှိမှုများအကြောင်း’ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းရှိ ကတူး နှင့် ကနန်း လူမျိုးနွယ်စု နှစ်စုနှင့် ကချင်လူမျိုးများကြား ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု နှင့် နေထိုင်ပုံဓလေ့ထုံးတမ်းများ အရ ညီအစ်ကိုများ ဖြစ်ကြကြောင်း အပြန်အလှန်ခံယူထားကြပါသည်။

Most read this week

December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...
Photo credit - CJ
December 8, 2025
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့...