ကချင်ပြည်နယ် လူငယ်ရေးရာ ကော်မတီဝင်များ ပထမဆုံး ဝန်ကြီးချုပ်နှင့်တွေ့ဆုံ

ကချင်ပြည်နယ် လူငယ်ရေးရာ ကော်မတီဝင်များ ပထမဆုံး ဝန်ကြီးချုပ်နှင့်တွေ့ဆုံ

အစိုးရက ဖွဲ့စည်းပေးသော ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီက ပထမဆုံး ဝန်ကြီးချုပ်နှင့်တွေ့ဆုံခြင်း ရလဒ်ကို အားရကျေနပ်မှု မရှိကြောင်း လူငယ်ကော်မတီ ကိုယ်စားလှယ်များ ပြောပါသည်။

မတ်လ ၂၂ရက်နေ့ မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံခဲ့ကြပြီး အဓိကအားဖြင့် လူငယ်ရေးရာကော်မတီ လှုပ်ရှားမှုကြီးထွားလာရန် လိုအပ်သော စင်တာနေရာ၊ သုံးစွဲမည့် ဘတ်ဂျက်ရန်ပုံငွေနှင့် ရုံးခန်း စသည့် အရေးကြီးသောအရာ ၃ခုကို အထူးဦးစားပေး လုပ်ဆောင်ပေးရန် လူငယ်များ တင်ပြပါသည်။

ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က လူငယ် ယာယီရုံးခန်းကို ဆောင်ရွက်ပေးရန် နှုတ်ကတိပြုခဲ့သော်လည်း စင်တာ မြေတည်နေရာနှင့် ဘတ်ဂျက်ရန်ပုံငွေကိုအတွက် ကတိပြုပြောဆိုခြင်း မရှိကြောင်းကို ပြည်ထောင်စု လူငယ်ရေးရာကော်မတီ ကိုယ်စားလှယ် ကိုဝေါ်လေး က ကချင်သတင်းဌာန KNG ယခုလို ဆိုသည်။

“ကျနော်တို့ ဒီကနေ့ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တာ အဆင်မပြေခဲ့ပါဘူး။ ကျနော်တို့ တင်ပြတောင်းဆိုတာက အဓိက ၃ချက်ပေါ့။ ဒီထဲမှာ လူငယ်စင်တာအတွက် မြေနေရာကို နှုတ်ကတိတော့ ပေးလိုက်တယ်။ တိတိကျကျ မသိရသေးဘူး။ နောက် တစ်ခုအသုံးစရိတ်ကိုလဲ ကချင်ပြည်နယ်အစိုးရကနေ ဆုံးဖြတ်ပိုင်ခွင့် အားနည်းနေတာတွေ့ရတယ်။ နောက်ဆုံး ရုံးခန်းပြုလုပ်ဖို့အတွက် ယာယီရုံးခန်းကိုတော့ လုပ်ဆောင်ပေးမယ်လို့တော့ ပြောဆိုခဲ့တယ်။ ဒီတွေ့ဆုံပွဲက မျှော်လင့်သလောက် အဆင်မပြေခဲ့ဘူး။”

ထိုသို့ ဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့ပြီး တင်ပြတောင်းဆိုခဲ့သည့် အချက်များကို ပြန်လည်ဖြေကြားမှုအပေါ် အားရကျေနပ်မှုမရှိခဲ့ကြောင်းကို လူငယ်ရေးရာကော်မတီအဖွဲ့နှင့်လိုက်ပါသူ မဒေါင်စေး က “ကျနော်တို့ လူငယ်များကို စိတ်စေတနာရှိရှိ လုပ်ပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က လူငယ်တွေအတွက် စိတ်စေတနာထားပြီး လုပ်ပေးချင်နေတာပါ။ ဒီလိုလုပ်ဆောင်လာတဲ့အခါ အချိန်အခက်အခဲလေးတွေရှိတယ်။ လူငယ်တွေကို အစိုးရကနေ ဆွဲခေါ်ပေးချင်တယ်။ အခုက သူတို့ အဖြေကိုကောင်းကောင်းမပေးခဲ့တော့ အားမလိုအားမရဖြစ်ခဲ့ရတယ်။ အဲ့ပေါ်မှာ ကျနော်တို့ လူငယ်တွေစိတ်ဓါတ်တွေကျလာနိုင်တယ်။ ကျနော်တို့မှာ လူငယ်အနာဂတ်အတွက်သာ မျှော်လင့်ချက်ရှိတယ်။ ပြောချင်တာက ပြောဆိုတဲ့အပေါ်မှာ ပြတ်ပြတ်သားသား ပြောစေချင်တယ်” ဟု ဆိုသည်။

လူငယ်ကော်မတီ က ဝန်ကြီးချုပ်နှင့် တွေ့ဆုံနိုင်ရန် စာတင်ပြထားခြင်းမှာ တစ်နှစ်ကျော်ရှိလာပြီးမှ ယခုလ မတ်လ ၂၂ရက်တွင် တွေ့နိုင်ခဲ့ခြင်းဖြစ်သည်။

လူငယ်ရေးရာကော်မတီကို အစိုးရမှ တရားဝင်ဖွဲ့စည်းထားပေးခြင်းမှာ ၁နှစ်ကျော်ရှိလာပြီဖြစ်ပြီး မိုးညှင်း၊ ဗန်းမော်၊ ပူတာအို၊ မြစ်ကြီးနား စသော ခရိုင် ၄ခုမှ လူငယ်အားလုံး ၂၅ယောက်ပါဝင်ကြောင်းသိရသည်။ သို့သော်လည်း ယခု တွေ့ဆုံပွဲမှုတွင် လူငယ် ၄ယောက်သာတက်ရောက်နိုင်ခြင်းသည် လူငယ်အများစုမှာ သွားလာရန်ခက်ခဲ့သောကြောင့် မတက်ရောက်ခြင်းကြောင်း သိရသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...