ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာတွင် ယနေ့ နေ့လယ် ၁ နာခွဲအချိန်က စစ်တပ်က ပစ်လိုက်သည့် သေနတ်ကျည်ဆံ ထိမှန်ခဲ့သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကို မြောက်ဦးဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။
ဒဏ်ရာရသူ အမျိုးသမီးမှာ ကိုအောင်သန်း၏ ဇနီးဖြစ်သူ ဒေါ်မူတဘွေ အသက်(၂၂) နှစ် (ကရင်လူမျိုး) ကိုယ်ဝန် ၆ လ ရှိပြီ ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရပြီးနောက် တိမ်ညိုဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ဆရာဝန်မှ ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်သဖြင့် မြောက်ဦးဆေးရုံသို့ပို့ဆောင်ရန် ညွန်ကြားကြောင်း၊ သို့အတွက် ယနေ့ ညနေ ၅ နာရီ ခန့်တွင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ကိုယ်တိုင် ပို့ဆောင်ခဲ့သူ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
“ ဘာတိုက်ပွဲမှမဖြစ်ဘူး။ ကျောက်တော်ဘက်ကနေ စစ်ကြောင်း တစ်ခု လာတယ်။ တောင်ဦးရွာနားကို ရောက်တော့ သေနတ်နဲ့ ရမ်းသမ်းပြီး ပစ်ခတ်တယ်။ လေးငါး ဆယ်ချက်လောက် ပစ်ပုံရတယ်။ အဲဒီအထဲက ကျည်ဆံက မြေကြီးကို လာထောက်ပြီး အဲဒီတစ်ဆင့် ကျည်ဆံက သူမရဲ့ ဒူးအထက် ဘယ်ဘက်ပေါင်ကို လာထိတယ်။ သေနတ်သံကြားတော့ ထွက်ပြေးတဲ့ အချိန်မှာ ထိသွားတာပါ” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။
သေနတ်ပစ်ခတ်သံကြောင်း တစ်ရွာလုံး ကြောက်လန့်ပြီး ရှောင်ပုန်းနေခဲ့ရသည်ဟု သိရသည်။
“ စစ်တပ်က ရွာက လူငယ် ၄ ဦးကိုလည်း ဖမ်းဆီးပါသေးတယ်။ စစ်ဆေးပြီးတဲ့ နောက် မှာ ပြန် လွတ်ပေးလိုက်ပါတယ်။ ဘာကြောင့် တပ်ကနေ ခုလိုပစ်တယ်ဆိုတာတော့ ကျွန်တော်လည်း မသိဘူးဗျာ ” ဟု ဦးထွန်းသာစိန်က ဆက်လက် ပြောသည်။
ဒေါ်မူတဘွေ၏ ဒဏ်ရာမှာ အသက်အန္တရာယ်ကို စိုးရိမ်စရာ မရှိကြောင်း သိရှိရသည်။







