ယနေ့ မတ်လ ၁၁ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း KIA က ဆိုပါသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာသည် KIA တပ်မတော် (၄) လက်အောက် တပ်ရင်း (၈)နယ်မြေ Na Hkyem နှင့် Ka Leng အကြားဖြစ်ပြီး နံနက် ၆နာရီမှ မွန်းတည့် ၁၂နာရီထိ အနည်းဆုံး တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ (၄) အရာရှိတစ်ဦး ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။
“တပ်မဟာ ၄ တပ်ရင်း (၈) နယ်မြေမှာ ဒီကနေ့ မနက် ၆ နာရီမှ ၁၂ နာရီထိ ၄ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကွတ်ခိုင် Na Hkyem နဲ့ Ka Leng ကြားမှာပါ။”
မြန်မာစစ်တပ်ဘက်က ကွတ်ခိုင် နယ်မြေခံ ခလရ ၄၅ နှင့် တပ်မ (၉၉) ပူးပေါင်းတပ်ဖွဲ့ စုစုပေါင်း အင်အား ၁၀၀ ကျော်ရှိကြောင်း အထက် KIA အရာရှိကဆိုသည်။
ယခုနေရာသည် ကွတ်ခိုင်မြို့နယ်နှင့် လားရှိုးမြို့နယ် နယ်စပ်ဖြစ်ပြီး လွန်ခဲ့သောအပတ် မတ်လ ၆ရက်နေ့ကလည်း နှစ်ဖက်အချိန်တို တိုက်ပွဲဖြစ်ပွားခဲ့သည်။
မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ ကချင် KIA၊ ကိုးကန့် MNDAA၊ တအောန်း TNLA နှင့် ရခိုင် AA တို့က တင်ပြထားသော bilateral အပစ်ရပ် လက်မှတ်ထိုးရေး အစီစဉ်ကို အစိုးရဘက်က လက်မခံ ပယ်ဖျက်လိုက်ကြောင်း ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့ နှစ်ဖက် အလွတ်သဘော တွေ့ဆုံစဉ် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ပြောကြားခဲ့သည်။
၎င်းနောက် ယခုလ ကစပြီး အစိုးရတပ် နှင့် KIA ကြား ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ ပြန်လည်ဖြစ်လာသည်။







