သတင်းထောက်နှစ်ဦးကို နှိပ်စက်ခဲ့သည့် ကုမ္ပဏီအား အရေးယူရန် သတင်းမီဒီယာကောင်စီ တိုက်တွန်း

သတင်းထောက်နှစ်ဦးကို နှိပ်စက်ခဲ့သည့် ကုမ္ပဏီအား အရေးယူရန် သတင်းမီဒီယာကောင်စီ တိုက်တွန်း

မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကို ကုမ္ပဏီရုံးခန်းသို့ ခေါ်ယူနှိပ်စက်ခဲ့သည့် တစ်ရှူးငှက်ပျော စိုက်ပျိုးရေးကုမ္ပဏီအား အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တိုက်တွန်းပြောဆိုလိုက်သည်။

မြစ်ကြီးနားဂျာနယ်မှ သတင်းထောက်နှစ်ဦးသည် သတင်းမီဒီယာဥပဒေ၊ ကျင့်ဝတ်များနှင့်အညီ နိုင်ငံသားတိုင်း သိခွင့်ရှိသော နိုင်ငံသားများ၏ အခွင့်အရေးဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခြင်းသာ ဖြစ်သည်ဟု သတင်းမီဒီယာကောင်စီက ဆိုသည်။

သတင်းရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိပါက ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသို့ တိုင်ကြားခြင်း ၊ တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆိုခြင်းတို့ကို လုပ်ဆောင်ခွင့်ရှိသော်လည်း ယခုကဲ့သို့  ရာဇဝတ်မကင်းသော အနိုင်အထက်လုပ်ဆောင်ခွင့်ကို သတင်းမီဒီယာကောင်စီအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့ညက ထုတ်ပြန်သည့် ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယင်းအတွက်ကြောင့် ပြစ်မှုတွင် ကျူးလွန်ပါဝင်သူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာဖော်ထုတ် အရေးယူပေးရန် ပြည်ထဲရေးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ကောင်စီမှ တိုက်တွန်းပြောဆိုခဲ့ပြီး လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကောင်စီဘက်မှ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

မြစ်ကြီးနားဂျာနယ်တွင် ရေးသားခဲ့သည့် သတင်းနှင့် ပတ်သက်ပြီး  ကုမ္ပဏီ တာဝန်ရှိသူများက သတင်းထောက်နှစ်ဦး ဖြစ်သည့် မမွန်းမွန်းပန်၊ ကိုအားကျယ်တို့ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ တစ်ဘက်ကမ်းရှိ ဝိုင်းမော်မြို့နယ်သို့ ခေါ်ယူတွေ့ဆုံပြီးနောက် အမျိုးသမီး သတင်းထောက်အား ဂျာနယ်ဖြင့် ပါးရိုက်ခြင်း၊ အမျိုးသားသတင်းထောက်ကို ထိုင်ထအကြိမ် ရာနှင့်ချီပြီး လုပ်ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း မြစ်ကြီးနားဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင်က ပြောဆိုထားသည်။

ယင်းသို့လုပ်ဆောင်မှုကြောင့် မြစ်ကြီးနားဂျာနယ်ဘက်မှ တစ်ရှူးငှက်ပျော စိုက်ပျိုးရေးကုမ္ပဏီ သခင်စစ်ကုမ္ပဏီကို ဝိုင်းမော်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်။

 မြစ်ကြီးနားဂျာနယ်သည် ကချင်ပြည်နယ်အတွင်း၌ အပတ်စဉ်ထုတ်ဝေနေသည့် သတင်းဂျာနယ် ဖြစ်သည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...