ဆင်မုဆိုးများ ဖမ်းဆီးနိုင်ရေးအတွက် တပ်မတော်အကူအညီဖြင့် ဆောင်ရွက်နေ

ဆင်မုဆိုးများ ဖမ်းဆီးနိုင်ရေးအတွက် တပ်မတော်အကူအညီဖြင့် ဆောင်ရွက်နေ

ဆင်ပြတိုက်တွင် ပြသထားသည့် ဗီဒီယိုဖိုင်မှ မြင်တွေ့ရသော မြင်ကွင်း။ ဓာတ်ပုံ ရဲနိုင်(လောက်ကိုင်)

တောဆင်ရိုင်းများ သတ်ဖြတ်မှုနှုန်းပိုမိုမြင့်တက်လာသဖြင့် လက်ရှိတွင် သစ်တောဦးစီးဌာနမှ တပ်မတော်၏ အကူအညီဖြင့် တောတွင်း၌ စစ်ကြောင်းလှည့်ကာ ဆင်မုဆိုးများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။

" ကျွန်တော်တို့က တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ဆင်မုဆိုးတွေ၊ တောဆင်ရိုင်းတွေ ဖြတ်သန်းသွားလာနေတဲ့ နေရာ တွေကို ကျွန်တော်တို့ အမြဲတမ်း စစ်ကြောင်းသဘောမျိုးနဲ့ ထိုးနေတာဖြစ်ပါတယ်။ ဒါဆိုရင် တောဆင်ရိုင်း သတ်ဖြတ်မယ့် အခွင့်အလမ်းက အတော်နည်းပါးပြီးတော့ ကျွန်တော်တို့ ထိန်းသိမ်းနိုင်တော့မှာဖြစ်ပါတယ်။ အခုဆိုရင် ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက တောဆင်ရိုင်း သတ်ဖြတ်ခံရမှုမရှိတာ တစ်နှစ်ပြည့်အခမ်းအနား ဆောင်ရွက်ဖို့အတွက် နီးလာပါပြီ"ဟု ဦးသိန်းတိုးက ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊သဘာဝသမိုင်းပြတိုက်တွင်  မြန်မာနိုင်ငံတွင် ပထမဆုံး ဆင်ပြတိုက်ဖွင့်လှစ်မည့်အကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက် ဦးသိန်းတိုးက ထိုသို့ ဖြေကြား ခဲ့ခြင်းဖြစ်သည်။

 ဆင်မုဆိုးများဖမ်းဆီးနိုင်ရေးနှင့် တောဆင်ရိုင်းများ ထပ်မံသတ်ဖြတ်မှုမခံရရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ အကူအညီတောင်း ခံထားမှုကြောင့် ထိုသို့ တိုင်းစစ်ဌာနချုပ်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

 " ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ပါ လှုပ်ရှားတယ်ဆိုတာက ဒီဆင်တွေ သတ်ဖြတ်မခံရခင် တောဆင်ရိုင်း တွေဖြတ်သန်းသွားလာနေတဲ့နောက်တွေကို ကျွန်တော်တို့ လိုက်နေရတယ်။ ဆင်မုဆိုးဆိုတာကလည်း တော ဆင်ရိုင်းတွေကို ခြေရာခံပြီးတော့ လိုက်ပြီးသတ်နေတာကိုး။ ကျွန်တော်တို့ ဖမ်းဆီးရေးအဖွဲ့တွေဟာ ဆင်တွေရဲ့ အနီးနားပတ်ဝန်းကျင်မှာ လူ ၂ဝ လောက်အုပ်နဲ့ လှည့်လည်နေတဲ့ အခါကျတော့ မုဆိုးတွေရဲ့ လုပ်နိုင်ခြေက တော်တော်နည်းသွားတယ်။ ဒါက ကျွန်တော်တို့ ကြိုတင်ကာကွယ်တားဆီးနေတာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်း ဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

 တောရိုင်းသတ်ဖြတ်ခံရမှုမှာ တစ်နိုင်ငံလုံးအတွင်း  ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်က ၃၅ ကောင်၊ ၂ဝ၁၆ ခုနှစ်တွင် ၂၆ ကောင်နှင့် ၂ဝ၁၇ ခုနှစ်တွင် ၅၉ ကောင်ထိအသတ်ခံရမှုဖြစ်လာပြီး တောဆင် ရိုင်းအသတ်ခံရမှုမှာ ဧရာဝတီ တိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ပွားနေကြောင်း သစ်တောဦးစီးဌာန၏ စာရင်းအရ သိရသည်။

၂ဝ၁၇ ခုနှစ်တွင် ၅၉ ကောင်အထိ တောဆင်ရိုင်းအသတ်ခံရမှုကြောင့် ပျှမ်းမျှအားဖြင့် တစ်ပတ်လျှင် တစ်ကောင်နှုန်းဖြင့် သတ်ဖြတ်နေသည့် အနေအထားရှိနေပြီး ရန်ကုန်တိုင်းအတွင်း အမျိုးသား ၉ ဦးကိုလည်း ဆင်သတ်ဖြတ်မှုကြောင့်  တရားစွဲဆိုကာ ထောင်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...