တိုင်းရင်းသားအားလုံး လက်နက်သိမ်းပြီး ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် တပ်မတော် ဆောင်ရွက်မည်

တိုင်းရင်းသားအားလုံး လက်နက်သိမ်းပြီး ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် တပ်မတော် ဆောင်ရွက်မည်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များအားလုံး လက်နက်များ ကိုယ်စီသိမ်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေး တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်မှ ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်မည်ဟူသော စကားနှင့် ပတ်သက်၍ မီဒီယာများမှ မေးမြန်းစဉ် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့သွားမှာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ NCA လမ်းကြောင်းမှာ ငြိမ်းချမ်းရေးကို ဆွေးနွေးသွားနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက် မယ်။ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ဘူး။ သို့သော်လည်း အချိန်တစ်ခု မသတ်မှတ်ထားရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ၂၀၂၀ မှာအားလုံးက NCA လမ်းကြောင်းအပေါ် ရောက်ကို ရောက်ရမယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

တိုင်းရင်းသားအဖွဲ့များ၏ လက်နက်များအားလုံးကို ဖြုတ်သိမ်းခြင်းမျိုးမဟုတ်ဘဲ မိမိလက်နက် မိမိဖာသာ သိမ်းထားပြီး နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းတွင် အဖြေရှာကြရန်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ထို့အပြင် တိုင်းရင်းသားများဘက်မှ စိုးရိမ်စိတ်များ၊ ခံစားချက်များနှင့် အကျိုးစီးပွားများရှိနေသောကြောင့် ယုံကြည်မှုမရခင် နားလည်မှုရစေရန် ဆောင်ရွက်နေကြောင်းလည်းလည်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့က သူတို့အဖွဲ့အစည်းအချင်းချင်းလည်း ပစ်ခတ် တိုက်ခိုက်နေတာရှိတဲ့အတွက် အားလုံးစွန့်လွှတ်လိုက်မှသာလျှင် အဆင်ပြေသွားပါလိမ့်မယ်။ တကယ်လို့ စွန့်လွှတ်လိုက်ရင် သူ့ကို လာတိုက်ရင် လက်နက်မရှိတော့ဘူးဆိုတဲ့ သူတို့ အချင်းချင်းကြားမှာလည်း စိုးရိမ်စိတ်တွေ ရှိပါတယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများရပ်ဆိုင်းနေပြီး တိုးတက်မှုဖြစ်စဉ်များ နှောင့်နှေးနေရခြင်းမှာ လက်နက်စွန့်ရမည်ဟူသည့် DDR (Disarmament, Demobilization and Reintegration) ကြောင့် ယူဆရကြောင်း ပြောသည်။

“ ကိုယ့်လက်နက်ကိုယ်သိမ်းတယ်ဆိုတာတော့ အဓိပ္ပါယ်အမျိုးမျိုးရှိတယ်ဗျ။ ဆိုလိုတာက သူ့နယ်၊ သူ့စခန်းနဲ့ သူ့လက်နက်ကိုင်ထား ခွင့်ရှိနေတယ်ဆိုရင်တော့ သူတို့နိုင်ငံရေးဆွေးနွေးကြမယ်ထင်ပါတယ်” ဟု ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုသည်။

တိုက်ပွဲ အဓိကဖြစ်ပွားနေကြသည့် မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ကို တရုတ်ဘက်မှလည်း တိုက်တွန်းမှုများ ရှိနေသောကြောင့် တပ်မတော်မှ ရည်မှန်းသည့်  ၂၀၂၀ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များအားလုံး NCA လမ်းကြောင်းပေါ်ရောက်ရှိရန် ဖြစ်နိုင်သည်ဟုလည်း ၄င်းက ဆိုသည်။   

“NCA ကိုလည်းဘယ်အချက်ပြင်မယ်။ မပြင်ဘူး ဆွေးနွေးလို့ ရတယ်ဆိုရင် အားလုံးပါလာနိုင်ပါတယ်။ ဒါပေမယ့် အစပဲ ဖြစ်ပါလိမ့်မယ်” ဟု ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နေသည့်အချိန်တွင် လက်နက်ကိုင်ပြီး တောင်းဆိုရန် မဖြစ်နိုင်ကြောင်း တပ်မတော်ဘက်မှ ယမန်နေ့က ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

လက်ရှိအချိန်တွင် တပ်မတော်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှအပ ကျန်နယ်မြေများ၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်ထိ အပစ်ရပ်ဆိုင်းထားသည်။

အစိုးရနှင့်တပ်မတော်ဘက်မှ အပစ်ရပ် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးကို လက်မှတ်ရေး ထိုးရန် သဘောထားဆန္ဒရှိနေသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...