နေပြည်တော်တွင် ဒရုန်းလွှတ်သည့် ပြင်သစ်နိုင်ငံသား ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် တရားစွဲခံရ

နေပြည်တော်တွင် ဒရုန်းလွှတ်သည့် ပြင်သစ်နိုင်ငံသား ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် တရားစွဲခံရ

ကန့်သတ်နယ်မြေအဖြစ် အစိုးရက သတ်မှတ်ထားသည့် နေပြည်တော်၊ လွှတ်တော်အဆောက်အဦအနီးတွင် ယခုလ ရရက်က ဒရုန်း(Drone) ပျံသန်းစဉ် ဖမ်းဆီးခံထား ရသည့် ပြင်သစ်နိုင်ငံသားတစ်ဦးကို ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် တရားစွဲကာ ဥတ္တရသီရိမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့သည်။

 ပြင်သစ်နိုင်ငံသား Mr. Arthur Desclaux သည် ထိုင်းနိုင်ငံမှတဆင့် မြဝတီသို့ ဇန်နဝါရီ ၃ဝရက်က စက်ဘီး စီးနင်းပြီး ဝင်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ရရက်တွင် နေပြည်တော်သို့ ရောက်ရောက်ချင်း ဒရုန်းလွှတ်တင်စဉ် ဖမ်းဆီးခံရကာ နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းထားပြီး နောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 ယင်းအမှုကို တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည့် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူး မင်းတင်က “ဒီနေ့ ရဲလုပ်ငန်းတွေ အားလုံးပြည့်စုံလို့မို့လို့ တရားရုံးကို တရားစွဲတင်လိုက်တာပါ။ တရားစွဲတင်တဲ့အခါမှာတော့ ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈နဲ့ တရားစွဲတင်တာပါ။ ဒီနေ့ ရဲလုပ်ငန်းကတော့ ဒါပါပဲ။ တရားရုံးကတော့ ဒီနေ့ အမှုကို လက်ခံစစ်ဆေးတာပေါ့” ဟု ပြောကြားသည်။

Mr. Arthur Desclaux က သူ့အနေဖြင့် ယနေ့အမှုပြီးပြတ်မည်ဟု မျှော်လင့်ထားကြောင်း တရားခွင်အတွင်း ပြောကြားခဲ့သည်။

 “ကျွန်တော်ဟာ စက်ဘီးနဲ့ ကမ္ဘာပတ်နေတဲ့ ခရီးသွားတစ်ယောက် သက်သက်ပါ။ ဒီမှာ ဒရုန်းမလွှတ်ရဘူး ဆိုတဲ့ ကြော်ငြာတွေလည်း မတွေ့လို့ပါ။ ကျွန်တော့ကို နားလည်ပေးပါ” ဟု Mr. Arthur Desclaux ဆိုသည်။

 ဥတ္တရသီရိမြို့နယ်၊ တရားသူကြီး ဒေါ်စုလဒ်ကမူ ဒရုန်းကို တရားမဝင်ကိုင်ဆောင်သည်ဟု စွပ်စွဲခံရဖြင့် တရားစွဲခံထားရသည့် ပုဒ်မသည် အာမခံပေး၍မရကြောင်း၊ တရားလိုပြသက်သေများအနက် အဓိကသက်သေ ငါးဦးကို စစ်ဆေးပြီး အမြန်ဆုံး အမိန့်ချနိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် Mr. Arthur Desclaux အနေဖြင့် ရှေ့နေငှားရမ်းနိုင်သလို ငွေကြေးမတတ်နိုင်ပါကလည်း အစိုးရ၏ ဥပဒေအထောက်အကူပြုအဖွဲ့နှင့် ချိတ်ဆက်နိုင်ကြောင်း တရားရုံးဘက်က ပြောဆိုသည်။

 တရားခွင်သို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ကောင်စစ်ဝန် Mr. Ere’der’ic INZA နှင့် သူ၏ လက်ထောက် အမျိုးသမီးတစ်ဦးလည်း လာရောက်နားထောင်ခဲ့သည်။

 Mr. Ere’der’ic INZA က “သူဟာ မြန်မာပြည်ကို သက်သက်မဲ့ အလည်လာတဲ့ ကမ္ဘာလှည့်ခရီးသွား တစ်ယောက်ပါပဲ။ သူကိုယ်တိုင်ကလည်း မြန်မာပြည်ကို လည်ရတာ နှစ်သက်တယ်လို့ ပြောပါတယ်။ သူ သေသေချာချာ သတိမထားမိဘဲနဲ့ အမှတ်မထင် ဒရုန်းကို သုံးခဲ့တဲ့အတွက်ကြောင့် ဒီလိုဖြစ်ပျက်သွားတာ စိတ်မကောင်းပါဘူး။ သူ အမြန်ဆုံးလွတ်မြောက်ဖို့ မျှော်လင့်ထားပါတယ်” ဟု တရားခွင်မှ ပြန်အထွက်တွင် သတင်းထောက်များကို ပြောဆိုသွားသည်။

 Mr. Arthur Desclaux သည် အဖမ်းခံရစဉ်ကတည်းက သူ့မိသားစုဖြင့် နေ့စဉ် အဆက် အသွယ်ရှိကြောင်းနှင့် သိရသည့် သတင်းအချက်အလက်အားလုံးကိုလည်း ၎င်း၏ မိသားစုများထံ အကြောင်းကြားထားသည်ဟုလည်း ဆိုသည်။

Mr. Arthur Desclaux စွဲဆိုခံထားရသည့် ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ(၈)သည် အမြင့်ဆုံး ထောင်ဒဏ် ၃နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ပြီးခဲ့သည့် ၂၀၁ရခုနှစ်၊ အောက်တိုဘာလကလည်း TRT သတင်းဌာန၊ စင်္ကာပူရုံးခွဲမှ စင်္ကာပူနိုင်ငံသားတစ်ဦး၊ မလေးရှားနိုင်ငံသားတစ်ဦးအပြင် မြန်မာနိုင်ငံသား ဘာသာပြန်တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး စုစုပေါင်း လေးဦး တို့မှာ အလားတူပင် လွှတ်တော်အဆောက်အဦအနီး ဒရုန်းလွှတ်တင်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင် ၂လခန့် ချမှတ်ခံခဲ့ရသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...