AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်း အခြေချပြီးသားဟု ဆို

AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်း အခြေချပြီးသားဟု ဆို
An Arakan Army rebel soldier at an undisclosed location. Photo: Youtube
An Arakan Army rebel soldier at an undisclosed location. Photo: Youtube

ရက္ခိုင့်တပ် (AA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အခြေချပြီးသားဖြစ်သည်ဟု AA၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက မဇ္ဈိမသို့ ပြောသည်။

 ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပေါင်းတုတ်ကျေးရွာအနီး AA မှ အင်အား ၁၀၀ ခန့်သည် လေ့ကျင့်ရေးစခန်း ဖွင့် လှစ်ရန်နှင့် စည်းရုံးရေးနယ်မြေ တည်ဆောက်ရန် ရောက်ရှိနေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်အပေါ် ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

 “ အခြေချဖို့ မဟုတ်ဘူး။ ကျွန်တော်တို့က အခြေချပြီးသား။ ကိုယ့်နေရာမှာ ကိုယ်နေတာ။ ရက္ခိုင့်တပ်က ရခိုင်ပြည်မှာ ရှိပြီးသားပဲ။ အသစ် အခြေချစရာ မလိုဘူး။ အခုလည်း ကြားတဲ့အတိုင်းပဲ။ နေရာစုံမှာ ရက္ခိုင့်တပ် ရှိနေသားပဲ” ဟု ဦးခိုင်သုခက ပြောသည်။

အလားတူ လေ့ကျင့်ရေးစခန်းဖွင့်လှစ်ရန်လုပ်ဆောင်နေသည်ဟုဆိုကာ တပ်မတော်မှ ထုတ်ပြန်ထားသည့် နေရာတွင် AA မှ တပ်စခန်း ချထားခြင်းလည်းမရှိကြောင်း ၄င်းက ဆိုသည်။

 AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ယခင်နှစ် ဒီဇင်ဘာလပိုင်းမှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်း လည်း ဖြစ်သည်။

ယင်းသို့ AA ၏ ပြောဆိုချက်အပေါ် “ ကျွန်တော်တို့က မြေပြင်မှာရတဲ့သတင်းအမှန်အတိုင်းပဲ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်ဗျ” ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

 ရခိုင်ပြည်နယ်အတွင်း အခြေချနိုင်ပြီးသား ဟူသော ပြောဆိုချက်နှင့်ပတ်သက်၍လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ ရခိုင်ပြည်နယ်မှာ အခြေချပြီးသား၊ မချပြီးသား ရှိတယ်ဆိုတာတော့ အကုန်လုံးလည်း သိနေတာပဲ။ AA ရဲ့ဌာနချုပ်က လောလောဆယ် ကချင်ပြည်ထဲမှာ ရှိနေသလား။ ဘယ်က စတင်သလဲ သိနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

 ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်မှစတင်ကာ ရသေ့တောင် အနောက်ဘက်တွင် နံနက် ၁၀ နာရီဝန်းကျင်ခန့် တွင် လည်းကောင်း၊ မြောက်ဦးမြို့နယ် ရန်အောင်မြင်ရွာအနားနှင့် မကြားစေရွာ အနီး တောင်တန်းများပေါ်တွင် လည်း ဆက်လက်ဖြစ်ပွားနေကြောင်း AA ထံမှသိရသည်။

 တိုက်ပွဲများနှင့်ပတ်သက်ပြီး နှစ်ဖက်ထုတ်ပြန်ချက်များတွင် အကျအဆုံးများ ရှိနေကြောင်း ထုတ်ပြန်ထားကြကာ လက်ရှိတွင် တိုက်ပွဲများကြောင့် စစ်ရှောင်လာသော ဒေသခံများမှာ လူမှုကူညီရေးအသင်းများ၏ စာရင်းများအရ လူဦးရေ ၆ ထောင် ကျော်လာပြီဖြစ်သည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...