ဌာနေကရင်လူမျိုးတို့၏ နွတ်ဒန်ဒေါင်ဒင် အင်းငါးဖမ်းပွဲတော် လူထောင်ကျော်လာရောက်

ဌာနေကရင်လူမျိုးတို့၏ နွတ်ဒန်ဒေါင်ဒင် အင်းငါးဖမ်းပွဲတော် လူထောင်ကျော်လာရောက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျုံကွယ်ကျေးရွာအုပ်စုရှိ ဌာနေကရင်လူမျိုးတို့၏ နွတ်ဒန်အင်း ငါးဖမ်းပွဲ တော်ကို ဖေဖော်ဝါရီ ၁၁ ရက်(ယမန်နေ့)တွင် ပြုလုပ်ခဲ့ရာ လူတစ်ထောင်ဦးကျော် လာရောက်ဆင်နွှဲခဲ့ကြ သည်။

ကျုံကွယ်အုပ်စု အုပ်ချုပ်ရေးမှူး နန်းထက်ထက်အောင်က “ ဘိုးဘွားလက်ထက်ကတည်းက တစ်နှစ်တခါ ရွာတွေစုပေါင်းပြီး ငါးဖမ်းပွဲလုပ်တာပေါ့နော်။ မနှစ်က ဒီလောက်မလာကြဘူး။ တစ်ချို့က ငါးဖမ်းတာကို အ ပျော်လာကြည့်တာ၊ တစ်ချို့ငါးလာဖမ်းတာပေါ့။ မွန်၊ ကရင်ပြည်နယ် မြဝတီကအထိ လာကြတယ်။ စုပေါင်း ဆောင်ရွက်လုပ်ကိုင်ကြတဲ့ အလေ့အထကောင်းတွေကို ရည်ရွယ်ပြီး ဆောင်ရွက်ကြတာပါ”ဟု ယနေ့(ဖေဖေါ်ဝါရီ ၁၂ ရက်)တွင် ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ငါးဖမ်းပွဲတော်ကို နှစ်စဉ်တပို့တွဲလတွင် ကျေးရွာအလိုက်အလှည့်ကျစနစ်ဖြင့် ပြုလုပ် လေ့ရှိပြီး ရိုးရာငါဖမ်းကိရိယာအမျိုးအစားပေါ်မူတည်၍ ရန်ပုံငွေကောက်ခံကာ ကျေးရွာစာသင်ကျောင်းနှင့် လမ်းများပြုပြင်ခြင်းတို့တွင် ပြန်လည်သုံးစွဲသွားမည်ဟု အုပ်ချုပ်ရေးမှူး နန်းထက်ထက်အောင်က ဆက်ပြောသည်။

နွတ်ဒန်အင်းသည် ရေပူကော့စပ်၊ ငပုအင်း၊ ကျုံကွယ်ရွာပိုင် အင်းကြီးဖြစ်ပြီး ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ မနက် ၉ နာရီအချိန်တွင် ကျေးရွာအင်းသူကြီးများအဖွဲ့မှ အင်းကိုတရားဝင် စတင်ဖမ်းဆီးခွင့်ပြုခဲ့ကြောင်း တာဝန်ရှိသူ များထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့မှ လာရောက်လေ့လာသူ စောဖိုးဒါးဘူက “ ဒီနှစ်မှ ပထမဆုံး လာဖြစ်တာပါ။ ကွန်နဲ့ ငါး လာဖမ်းတာလေ။ အပျော်လာဖမ်းတာဆိုတော့ တစ်နှပ်စာ တော့ရတယ်။ နယ်စုံလာကြတော့ ရင်းနှီးမှုတွေ ရတယ်။ ရတဲ့ငါးတွေနဲ့ အင်းဘေးမှာ ချက်ပြုတ်စားရတဲ့အရသာ ကြိုက်တယ်။ လူတွေအများကြီးဆိုတော့ ပျော်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

နွတ်ဒန်ခေါ် ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ယခုနှစ်ကျုံကွယ်ရွာ အလှည့်ကျ တာဝန်ယူရပြီး လာမည့်နှစ်တွင် ငပုအင်းရွာမှ ပြန်လည်တာဝန်ယူရမည်ဟု အင်းအဖွဲ့ဝင်များထံမှ သိရသည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...