ကိုယ့်လူမျိုးကိုချစ်၍ တခြားလူမျိုးကို မုန်းခြင်းမျိုး မဖြစ်သင့်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ကိုယ့်လူမျိုးကိုချစ်၍ တခြားလူမျိုးကို မုန်းခြင်းမျိုး မဖြစ်သင့်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံနှင့်ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်သောကြောင့် ကိုယ့်လူမျိုးကိုချစ်၍ တခြားလူမျိုးကိုမုန်းခြင်းမျိုး မဖြစ်သင့်ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲ တွင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကိုယ့်လူမျိုးကိုယ်ချစ်တာ ချစ်ပါ။ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်လူမျိုးကိုချစ်လို့ တခြားလူမျိုးကို မုန်းတယ် ဆိုတာတော့ အင်မတန်မှ မှားပါတယ်။ မေတ္တာဆိုတာ မေတ္တာနဲ့ပဲ ပွားယူလို့ရတယ်။ ဒေါသနဲ့ ပွားယူလို့မရပါဘူး။ ဒေါသကို မေတ္တာက အောင်နိုင်ပါတယ်။ မေတ္တာကိုတော့ ဒေါသက မအောင်နိုင်ပါဘူး။ ဒါကြောင့်မလို့ ကျွန်မတို့ အချင်းချင်း မေတ္တာပွားဖို့ အင်မတန်မှ အရေးကြီးပါတယ်လို့ အသိပေးပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံနှင့်ဖွဲ့စည်းထားသည့်အပြင် မတူကွဲပြားမှုများပေါ်တွင် ညီညွတ်မှုကို တည်ဆောက်ရမည့်နိုင်ငံဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရန်၊ လေးစားကြရန် လည်း အင်မတန်အရေးကြီးကြောင်း ၄င်းကဆိုသည်။

ထို့ကြောင့် ဖက်ဒရယ်စနစ်သည် တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုအတွက် အသင့်တော်ဆုံးနိုင်ငံရေးစနစ် ဖြစ်သည်ဟုလည်း အတိုင်ပင်ခံက ဆိုသည်။

“ကျွန်မတို့အစိုးရဟာ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ထောင်ချင်ပါတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ ကျွန်မတို့နိုင်ငံနဲ့ အသင့်တော်ဆုံးစနစ်လို့ပဲ ယူဆလို့ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းပြည်တွင်းရှိ လူရော စိတ်ဓာတ်အရပါ အင်တိုက်အားတိုက် ကူညီကြရန်လည်း ၄င်းက ပြောဆိုခဲ့သည်။

တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သော အတိုင်ပင်ခံပုဂ္ဂိုလ်၏ လူထုတွေ့ဆုံပွဲတွင် သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာများမှ ကိုယ်စားလှယ်များကလည်း တက်ရောက်ပြီး မေးခွန်းများအပြင် အကူအညီများလည်း တောင်းခံခဲ့သေးသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်၊ချင်းပြည်နယ်တို့ကိုလည်း သွားရောက်ကာ လူထုနှင့်တွေ့ဆုံခဲ့သေးသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...