မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ဘင်္ဂါလီ(၁၀)ဦးအား အခကြေးငွေယူ၍ ပြည်မထဲသို့ ခိုးသွင်းလာသော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှ မှုခင်းသတင်းထောက်ဆိုသူကို ဘင်္ဂါလီများနှင့်အတူ မင်းတုန်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၄ရက် နံနက် ၄နာရီ ခွဲအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မင်းတုန်းရဲစခန်းမှ သိရသည်။
ဖေဖော်ဝါရီလ၄ရက် နံနက် ၁နာရီ ၄၅မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းတာမွေမြို့နယ်တွင်နေထိုင်သော မှုခင်း သတင်းထောက်ခင်မောင်ထွန်း(၄၃)နှစ် မောင်းနှင်လာသည့် ProBox အဖြူရောင်မော်တော်ယာဉ်အား မင်းတုန်း မြို့နယ်၊ ကန်လည်တံတားရဲကင်းစခန်းတွင် တားဆီးစစ်ဆေးခြင်းဆောင်ရွက်နေစဉ် ၎င်းProBoxမော်တော်ယာဉ်နောက်မှ ကပ်လျက်ပါလာသည့် Hijet အဖြူရောင်မှန်လုံမော်တော်ယာဉ်သည် ကန်လည်တံတားမောင်း တံအားတိုက်၍ ထွက်ပြေးသွားသဖြင့် ပိတ်ဆို့စစ်ဆေးရေးအဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရကြောင်း သိရသည်။
လိုက်လံဖမ်းဆီးခဲ့ရာတွင် ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ်(၂၀၂/၅)နှင့်(၂၀၂/၆)အကြား မဲဇလီကျေးရွာ အနီးတွင် ကန်လည်တံတားမောင်းတံအား တိုက်ပြေးသွားသည့်မော်တော်ယာဉ်အား နံနက် ၂နာရီ ၅မိနစ်အချိန်ကဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူမောင်ညိုအား စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
စစ်ဆေးခဲ့ရာတွင် မင်းလှမြို့နယ်၊ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၄ဝအနီးတွင် ကိုခင်မောင်ထွန်း မောင်း နှင်သည့် ProBoxမော်တော်ယာဉ်နှင့်အတူ ဘင်္ဂါလီ(၁၀)ဦးကို အခကြေးငွေယူ၍ Hijetမှန်လုံမော်တော်ယာဉ်ပေါ်တွင် တင်ဆောင်မောင်းနှင်ခဲ့ကြောင်း၊ကိုခင်မောင်ထွန်း၏ မော်တော်ယာဉ်မှာ ရှေ့ကလမ်းပြမော်တော်ယာဉ်ဖြစ်ကြောင်း၊ကန်လည်တံတားတွင် ကိုခင်မောင်ထွန်း၏ မော်တော်ယာဉ်အား ပိတ်ဆို့စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေသည်ကိုကြောက်လန့်မိ၍ ဘင်္ဂါလီများအား လမ်းဘေးတောစပ်တွင်ချထား၍ ယခုကဲ့သို့မောင်းနှင်လာခြင်းဖြစ်ကြောင်း Hijet ယာဉ်မောင်း မောင်ညိုက ဖြေကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက သက်သေများနှင့်အတူ အနီးတစ်ဝိုက်တောစပ်များ၌ လိုက်လံရှာဖွေခဲ့ရာက ပုသိမ်-မုံရွာလမ်း မိုင်တိုင်အမှတ်(၂၀၆/၅)နှင့်(၂၀၆/၆)အကြား၊ ကျီးကန်ကျေးရွာအနီးရှိ လမ်းအနောက်ဘက်(၁)ဖာလုံခန့်အကွာတွင် နံနက် ၄နာရီခွဲအချိန်၌ ကျောက်တော်မြို့နယ်တွင်နေထိုင်သူ အထောက်အထားမဲ့ ကျား(၁၀)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း မင်းတုန်းမြို့နယ် ရဲစခန်းမှ သိရသည်။
အဆိုပါ ဘင်္ဂါလီ(၁၀)ဦးကို တင်ဆောင်လာသော ယာဉ်မောင်းနှစ်ဦးကို မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပူပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်အတွက် သယ်ဆောင်လာရာ လမ်းကြောင်းနှင့် ကွင်းဆက်တရားခံများအား ရှာဖွေဖော်ထုတ်နိုင်ရေးအပါအဝင် ၎င်းတို့အားအရေးယူနိုင်ရေးအတွက် မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက် ရှိသည်။







