မွန်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် (၅) ဦး အရေးယူခံရ

မွန်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် (၅) ဦး အရေးယူခံရ

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်က အသစ်ပြန်လည်ရွေးချယ်ခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၆၆  ဦးအနက် လက်ရှိအချိန်ထိ မြို့နယ်(၄) ခုမှ  ရပ်ကျေးအုပ်ချုပ်ရေးမှူး (၅) ဦး အရေးယူထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက “တတိယအကြိမ်ပြင်ဆင်တဲ့ ရပ်ကျေးဥပဒေနဲ့အညီ မွန်ပြည်နယ်တစ်ခုလုံးကို ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၆၆ ဦးရွေးချယ်လိုက်တဲ့အထဲမှာမှ  တိုင်စာတွေအရ ပြန်လည်စိစစ်အရေးယူခံရတာ ၅ ဦးရှိတယ်။ သထံုံမြို့နယ်က ၁ ဦး၊ သံဖြူဇရပ်မြို့နယ်က ၁ ဦး၊ ကျိုက်မရောက ၂ ဦး၊ မော်လမြိုင်က ၁ ဦး အရေးယူခံရပါတယ်”ဟု ပြောသည်။

သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စုက ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာအုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးစန်းအောင်၊ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးငွေထွန်း၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဒေါ်မိသန်းဌေး နှင့် ကျိုက်မရောမြို့နယ်၊ ကျိုက်ပရန်ကျေးရွာအုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကျင်သိန်းတို့  ၅ ဦးကို မွန်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရပ်စဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဥပဒေအရ အရေးယူဆောင်ရွက်ရသည့်ကိစ္စများတွင် မိမိသဘောအလျောက်ဖြေရှင်းခဲ့ကာ အထက်ဌာနကိုသတင်းပို့ရန် ပျက်ကွက်ခဲ့ပြီး  တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုကျော်လွန်ကာလုပ်ဆောင်ခဲ့ခြင်း၊  ရာဘာခြံရောင်းချခဲ့သည့်ကိစ္စများတွင် ငွေးကြေးလက်ခံရယူခဲ့ခြင်း၊ ကျောင်းမြေအတွင်း အလုပ်သမားတန်းများဆောက်လုပ်ခြင်းနှင့်ပတ်သက်ပြီး အထက်ဌာနသို့ သတင်းတင်ပြရန် ပျက်ကွက်ခဲ့ခြင်း၊  နိုင်ငံခြားသားတဦးမှ မိမိကျေးရွာအတွင်း ဥပဒေမဲ့ရက်ရှည်လများနေထိုင်ခြင်းကို အရေးယူ သတင်းပို့ခြင်းမလုပ်ဘဲ လျစ်လျူရှုခဲ့ခြင်း၊ကျေးရွာဆေးပေးခန်းဆောက်လုပ်ရန် ချထားပေးသည့်မြေပေါ်တွင် ဆေးပေးခန်းမဆောက်ဘဲ အိမ်တစ်လုံးနှင့် ခြံကွက် (၇) ကွက်ရိုက်ကာ ရောင်းစားခဲ့ခြင်းစသည်တို့ကြောင့်   တာဝန်မှရပ်စဲအရေးယူခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်သန်းဝင်းက ပြောသည်။

သို့ရာတွင် ကျိုက်မရောမြို့နယ်က တရနာကျေးရွာအုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဒေါ်မိသန်းဌေးကို  ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် တာဝန်မှ ရပ်စဲခဲ့သော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့၏  ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ်(၈) အရ တာဝန်မှရပ်စဲခြင်း ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပြီး ပြင်းထန်စွာသတိပေးသည့်အဆင့်သို့ လျှော့ချခဲ့ပြီး လက်ရှိတွင် တရနာကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေကြောင်း ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မော်လမြိုင်မြို့နယ်၊ကျောက်တန်းရပ်ကွက်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးငွေထွန်းအနေဖြင့်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့်အနိုင်ရရှိခဲ့သော်လည်း အုပ်ချုပ်ရေးမှူးတာဝန်ခန့်အပ်ခြင်းမခံရသည့်အပြင် တာဝန်ကပါ ရပ်စဲခံခဲ့ရခြင်းဖြစ်ကြောင်း ထောက်ပြသူများလည်းရှိသည်။

ကျောက်တန်းရပ်ကွက်နေ ဦးစိုးသောင်းက “ကျွန်တော်တို့ဆီမှာ ဦးငွေထွန်းက မဲ  ၄၈၁ မဲနဲ့  ဦးအေးဆန်းကို အနိုင်ရရှိခဲ့တာ။ ဦးအေးဆန်းက မဲ ၄၂၀ ပဲရတယ်။အဲ့ဒါ ဦးငွေထွန်းကို ယနေ့အချိန်ထိ အုပ်ချုပ်ရေးမှူးခန့်အပ်ခြင်းမရှိဘဲနဲ့ ဒုတိယအနိုင်ရတဲ့သူကို ခန့်ထားတယ်။အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲက ၂ ခါရှိပြီပျက်နေတာ။ ဦးငွေထွန်း အနိုင်ရတာကို ကန့်ကွက်ကြတော့ သူ့မှာဘာအပြစ်ရှိလဲ ချပြပါ ဆိုတော့ ဘယ်သူမှ မချပြနိုင်ဘူး။ ပြန်ရွေးဖို့အတွက် မြို့နယ်ကညွှန်ကြားလာတယ်။ ဦးငွေထွန်းမှာ အပြစ်မရှိဘဲ ဖြုတ်တာက ရွာလူထုက လက်မခံနိုင်ဘူး။ မွန်ပြည်နယ်အစိုးရက ပြည်သူလူထုအသံကို နားမထောင်ပေးဘူး။” ဟု ပြောကြားသည်။

မဲအများဆုံးဖြင့်အနိုင်ရရှိခဲ့သည့် ဦးငွေထွန်းကို အပြစ်မရှိဘဲ ဖြုတ်ချခဲ့ခြင်းအပေါ် မလိုလားကြောင်း ရပ်ကွက်နေပြည်သူ  ၅၆၀ ကျော် လက်မှတ်ထိုးကာ မွန်ပြည်နယ်အစိုးရထံ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက စာပို့တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

၂၀၁၆ ခုနှစ်က တတိယအကြိမ်ပြင်ဆင်ခဲ့သည့် ရပ်ကျေးဥပဒေနှင့်အညီ မွန်ပြည်နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေးချယ်ရာတွင် အရွေးချယ်ခံ ၄၇၂ ဦးအနက် သထုံခရိုင်က ၂၀၄ ဦး၊ မော်လမြိုင်ခရိုင်က၂၆၂ ဦး စုစုပေါင်း ၄၆၆ ဦးကို အပြီးသတ်ပြန်လည်ရွေးချယ်ခဲ့ပြီး လက်ရှိမှာ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့က ရပ်ကွက် ၄ ခုနှင့် သုံးခွကျေးရွာအုပ်စုတစ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် စီစဉ်နေပြီး သထုံခရိုင်အတွင်းမှာရှိသည့် ဘီးလင်းမြို့နယ်က ဘော့နော့ခီးကျးရွာအုပ်စုတွင်မူ နယ်မြေအခြေအနေအရ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းကလည်း မြေယာပြဿများဖြင့် တိုင်ကြားခံရ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး (၈) ဦးအထိရှိခဲ့ပြီး တာဝန်မှရပ်စဲခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၀) ဦးကျော်ရှိခဲ့သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မွန်ပြည်နယ်ခရီးစဉ်ကလည်း သမ္မတထံတိုင်ကြားစာ (၇၉) စောင်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ အဂတိလိုက်စားမှုများရှိနေ၍ အရေးယူပေးရန် တိုင်ကြားသည့်စာများလည်း ပါဝင်ခဲ့သည်။

January 9, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်မှ...
January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...
January 7, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အပန်းဖြေနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်လုပ်သားများကို...
December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...