ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်သည့် သွင်းကုန်များ မရှိစေရေးနှင့် ပြည်တွင်း ဈေးကွက် ပိုမိုအားကောင်းလာရေး ရည်ရွယ်၍ ကွမ်းသီးစိုက်တောင်သူများနှင့် ပူပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဟင်္သာမီဒီယာကို ပြောသည်။
“ကျွန်တော်တို့ဆီက လုပ်ငန်းရှင်တွေအနေနဲ့ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ပူးတွဲပြီးဆောင်ရွက်သွားစေချင်ပါတယ်၊ နောက် နယ်စပ်က ခိုးသွင်းလာတဲ့ ကွမ်းသီးတွေနဲ့ မရောနှောဘဲ ကိုယ့်ဒေသထွက် ကွမ်းသီးတွေကို ဝယ်ပြီး ရောင်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်နယ်အတွင်းတွင် ကွမ်းသီးကို မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ကျိုက်တုံစသည့် နယ်စပ်ဒေသများတွင် အများဆုံး အဓိက စိုက်ပျိုးကြောင်း၊ တမူးမြို့မှတဆင့် အိန္ဒိယဈေးကွက်သို့ တင်ပို့ ရောင်းချကြောင်း၊ တောင်သူများအနေဖြင့် ဝင်ငွေအတွက် ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းကို အဓိက မှီတည်နေကြောင်း သိရသည်။
လွန်ခဲ့သော ၂၀၁၆ ၊ ၂၀၁၇ခုနှစ်တွင် ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော ကွမ်းသီးများနှင့် ပြည်တွင်းထွက် ကွမ်းသီးများ ရောနှော တင်ပို့ခြင်းကြောင့် ကွမ်းသီးဈေးနှုန်း ကျဆင်းခဲ့ရကြောင်း ဒေသခံ ကွမ်းသီး စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ ကွမ်းသီးပေါ်ချိန်၌ ကွမ်းသီးခူးခြင်း၊ သန့်စင်ခြင်း၊ ထုတ်ပိုးခြင်းတို့ကို အိန္ဒိယဘက်မှစည်းကမ်းသတ်မှတ်ချက်နှင့်အညီ တင်ပို့ရောင်းချခဲ့သော်လည်း ဈေးကွက် မျက်နှာပန်းမလှ ဖြစ်ခဲ့ကြောင်း သိရသည်။
ကွမ်းသီးစိုက်တောင်သူများအနေဖြင့် ထွက်ရှိလာသော ကွမ်းသီးများကို ရောင်းချရာတွင် လမ်းပန်း ဆက်သွယ်ရေးအရ အခက်အခဲများစွာကြုံရကြောင်း၊ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးတွင် ကျွမ်းကျင်မှုမရှိသေးကြောင်း၊ ပြည်ပမှတရားမဝင်တင်သွင်းလာသည့် မှိုပါ ကွမ်းသီးများကြောင့် ကရင်ပြည်နယ်ထွက် ကွမ်းသီးဈေးနှုန်း ကျဆင်းသည့်ပြင် နာမည်ပျက်ရကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ဝါးပိုးကုန်းကျေးရွာအုပ်စုမှ တောင်သူဦးကြည်ဆန်းက ပြောသည်။
ကုန်သည်အချို့က ပြည်ပမှ ဝင်ရောက်လာသော ကွမ်းသီးကို ပြည်နယ်ထွက် ကွမ်းသီးများနှင့် ရောနှောလျက် ကရင်ပြည်နယ်ထွက်ကုန်အဖြစ် တင်ပို့ကြခြင်းကြောင့် ဒေသခံတောင်သူအများစု၏ မိရိုးဖလာ စီးပွားရေးကို တိုက်ရိုက် ထိခိုက်စေကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
ကုန်သည်အချို့၏ လုပ်ရပ်မှာ လုပ်ငန်းရှင်များ၊ တောင်သူများနှင့် အစိုးရကြား အမြင်လွဲမှား မှု ဖြစ်ပေါ်စေကြောင်း၊ ယင်းကဲ့သို့ တရားမဝင် ကုန်သွယ်မှုများ ထပ်မံဖြစ်မပေါ်လာစေရန် စိုက်ပျိုးရေး ဦးစီးဌာနမှ အကောင်းဆုံးအကူအညီပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဒု-လက်ထောက် ညွန်ကြားရေးမှူး ဦးဇော်ဝင်းက ဖြည့်စွက်ပြောသည်။
“ကွမ်းသီးဈေးကွက်ကို သေသေချာချာ တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်တယ်”ဟု ၎င်းက ဆိုသည်။
ကရင်ပြည်နယ်တွင် ကွမ်းသီးစိုက်ပျိုးဧက ၂၄၈၂၉ ဧက ရှိကြောင်း၊ အသီးခူး ဧကမှာ၂၃၉၄၀ ရှိကြောင်း၊ ကွမ်းသီးထွက်ရှိ ပမာဏ စုစုပေါင်း ပိဿာ ချိန် သိန်း ၁၅၀ ကျော်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ကွမ်းသီးစိုက်ပျိုး ထုတ်လုပ်မှု စာရင်းအရ သိရသည်။ ကွမ်းသီးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းကို တောင်သူ(၂၈)ဦးဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်နေ့တွင် ဖွဲ့စည်းပြီးစီးကြောင်း ပြည်နယ်ဝန်ကြီးချုပ်ထံ အသင်းမှ တင်ပြခြင်း အစီရင်ခံစာမှတဆင့် သိရသည်။



