၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကြောင့် ရခိုင် တောင်သူလယ်သမားများကို ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။
“ဒီဥဒေကြောင့် တောင်သူတွေ ရေရှည်မှာ အများကြီး ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီဥပဒေက ၆ လ အတွင်းမှာ အသုံးပြုခွင့်လက်မှတ် လျှောက်ထားရမယ်လို့ ပါရှိပါတယ်။ ရခိုင်ပြည်နယ်ထဲက မြေဧက ၃ သန်းကျော်ကို ဒီ ၆ လအတွင်းမှာ မှတ်ပုံတင်ရမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ”ဟု ဦးကျော်ဇံကပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေကရုဏာခန်းမတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြုလုပ်ခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး အစည်းအဝေးတွင် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးကို ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂမှ ကမကထ ပြုလုပ်ပြီး၊ ဒို့မြေနှင့် မာတာအဖွဲ့တို့ ပံ့ပိုးကူညီမှုဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ တောင်သူလယ်သမားကိုယ်စားလှယ် ၆၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ယင်းဥပဒေကြောင့် တောင်သူများအနေဖြင့် မြေယာကို စွန့်လွတ်လာရမည့် အလားအလာရှိနေသည်ဟု သူက ဆက်လက်ပြောဆိုသည်။
“၂၀၁၈ စက်တင်ဘာ ၁၁ ရက်နေ့က ပြဌာန်းလိုက်တဲ့ မြေလွတ် မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအပေါ်မှာ အဓိက မီးမောင်းထိုးပြပြီးတော့ ပြုလုပ်တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ မြေလွတ်မြေလပ်နဲ့ ပတ်သက်ပြီး အကျိုးကျေးဇူး ဘယ်လောက်ထိ ရှိနိုင်မလဲဆိုတာကို ပြည်သူတွေသိရှိသွားနိုင်မယ်လို့ မျှော်လင့်ပြီးတော့၊ အဲ့ဒီအပေါ်မှာ လှုပ်ရှားမှုအပိုင်းကိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ရဲ့ သဘောဆန္ဒအပေါ်မှာ မူတည်ပါလိမ့်မယ်”ဟု ဦးကျော်ဇံက ပြောသည်။
အဆိုပါဥပဒေနှင့်ပတ်သက်၍ တိုင်းရင်းသားဒေသအသီးသီးမှ ကိုယ်စားလှယ်များအနေဖြင့်လည်း အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်ရှိအချိန်ထိ အဖွဲ့ပေါင်း ၃၄၆ ဖွဲ့က ယင်းဥပဒေကို ကန့်ကွက်ထားသည်ဟု သိရသည်။
ယင်းဥပဒေ၌ ၆ လအတွင်း မှတ်ပုံမတင်လျှင် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းသွားမည်ဟု ပါရှိသည်ဟု သိရှိရသည်။
“ကျနော်တို့ကို မြေကိုတန်ဖိုးမထားဘဲ မြေကိုစွန့်ခွာနေတဲ့အတွက်ကြောင့် တစ်ဘက်မှာ သိတဲ့လူတွေက ဘယ်လိုပုံစံမျိုး အသုံးချဖို့ ကြိုးစားနေကြတာလဲဆိုတာကို မြင်နိုင်ခါမှ ကျနော်တို့ရဲ့ တာဝန်ကို လုပ်နိုင်မယ်လို့ ထင်တယ်။ လက်ရှိဥပဒေအောက်မှာ အခွင့်ထူးခံတွေနဲ့ အာဏာရှင်တစ်စုဟာ မြေကို ကြွေးမြီတစ်ရပ်လို ရယူပိုင်ဆိုင်ဖို့အတွက် မရမက စီမံနေပါတယ်လို့ မြင်ပါတယ်”ဟု ဦးကျော်ဇံက တက်ရောက်လာသည့် ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။







