“ဘာများ ပြောင်းလဲနေလို့လဲ” မွန်ပြည်လူ့အခွင့်ရေးအဖွဲ့ HURFOM အစီရင်ခံစာထုတ်ပြန်

“ဘာများ ပြောင်းလဲနေလို့လဲ” မွန်ပြည်လူ့အခွင့်ရေးအဖွဲ့ HURFOM အစီရင်ခံစာထုတ်ပြန်

“ဘာတွေ ပြောင်းလဲနေပြီလဲ” အမည်ရှိ အစီရင်ခံစာတစ်ရပ်ကို မွန်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်း HURFOM မှ ယမန်နေ့က မော်လမြိုင်မြို့တွင် ထုတ်ပြန်ခဲ့ရာ အခမ်းအနားသို့ သီးသန့်ဖိတ်ကြားသူ (၅၀) ခန့်နှင့် မီဒီယာများ တက်ရောက်ကြောင်း တွေ့ရှိရသည်။

မွန်ပြည်နယ် (၆) မြို့ နယ်အတွင်း လူ့အခွင့်အရေးအခြေအနေများကို ကွင်းဆင်းလေ့လာပြုစုခဲ့သော ၎င်းအစီရင်ခံစာတွင် “လူ့ အခွင့်ရေး ချိုးဖောက်ခံရတဲ့ လူတွေက တရားမျှတရေးအတွက် မည်သည့်နေရာတွင် တိုင်ကြားရမည်ကို မသိရှိသူ အလွန်များပြီး တိုင်ကြားပြီး အမှုဖြစ်သည့်အခါ တရားသူကြီး၏ ဆုံးဖြတ်ချက်တွေကို မကျေနပ်သူ အလွန်များနေသည်” ဟု ရေးသားထားသည်။

မွန်ပြည်လူ့ အခွင့်ရေးဖောင်ဒေးရှင်း၏ စီမံကိန်းတာဝန်ခံ နိုင်အာနွံက “ဒီအစီအစဉ်အတွက် ပါဝင်လှုပ်ရှားသူတွေကို ရက် (၂၀) လောက် သင်တန်းပေးရပါတယ်။ သင်တန်းသားတွေက မြို့ နယ်အလိုက် ရွာတွေကို ဆင်းပြီးတော့ အချက်အလက်တွေကို တစ်လလောက် အချိန်ယူကောက်ခံရပါတယ်။ နောက်ပြီး ရလာတဲ့ အချက်အလက်တွေကို ကွန်ပျူတာ ပရိုဂရမ်မှာ ထည့်သွင်းပြီး အသေးအစိတ်သုံးသပ်မှုတွေ လုပ်ပြီးတော့ အစီရင်ခံစာမှာ ထည့်သွင်းရေးသားရပါတယ်။ အားလုံး အချိန် (၆) လ လောက်ယူပြီးတော့ လုပ်ဆောင်ရပါတယ်” ဟု ပြောသည်။

ယင်းအချက်အလက် ကောက်ခံသူများသည် လူပုဂ္ဂိုလ် (၅၆၃) ဦ်းအား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ထက်ဝက်ခန့်မှာ လူ့ အခွင့်အရေးအကြောင်း မကြားဖူးရုံသာမက မသိရှိသေးကြောင်း၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွင်လည်း လယ်ယာမြေသိမ်းဆည်းမှုှုနှင့် ကလေးသူငယ်အပါအဝင် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကိစ္စများမှာ မွန်ပြည်နယ်တွင် များစွာဖြစ်ပေါ်ခဲ့ကြောင်း အချက်အလက်များဖြင့် ဖော်ပြခဲ့သည်။

ဖွံ့ဖြိုးရေးမဏ္ဍိုင် အမှုဆောင်ဒါရိုက်တာ  ဒေါ်ပင်စီထွန်းသိန်း ကလည်း “အစီရင်ခံစာကို ကြည့်မယ်ဆိုရင် ပြည်သူလူထုတွေ လူ့ အခွင့်ရေးအပေါ် သိရှိမှု အလွန်အားနည်းပါတယ်၊ ဒါ့ကြောင့် ဒီအစီရင်ခံစာ ထုတ်ရုံနဲ့ မပြီးပါဖူး ၊ ပြည်သူလူထုကို အသိပညာတွေ အများကြီး ပေးရဦးမှာ ဖြစ်တယ်” ဟု ဆိုသည်။

ယင်းအစီရင်ခံစာ ဖြစ်မြောက်ရေးအတွက် ဥရောပသမဂ္ဂမှ ငွေကြေးအကူအညီထောက်ပံ့ကာ အခြားသော လူမှုအဖွဲ့အစည်းများဖြစ်သည့် တန်းတူညီမျှမှုမြန်မာ၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်နှင့် ဥရောပ NGO ဖြစ်သည့် Danish Church Aid and Norwegian Church Aid တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်လူ့ အခွင့်ရေးဖောင်ဒေးရှင်း HURFOM သည် (၂၀၁၀) ခုနှစ်မတိုင်ခင် စစ်အစိုးရလက်ထက်ကတည်းက လူ့ အခွင့်အရေးချိုးဖောက်ခံခဲ့ရသည့် ဒေသသို့သွားရောက်ကာ အချက်အလက်များကို စုစည်းကောက်ခံနေသည့် ထိုင်းမြန်မာနယ်စပ်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...