နိုင်ငံတော်အစိုးရမှ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော WCS နယ်မြေ ဧရိယာ အဖြစ် သတ်မှတ်ထားသော ဟူးကောင်းချိုင့်ဝှမ်းဒေသခံများ၏ မြေဧကများကို စားကျက်မြေအဖြစ် တရားဝင် ပြန်လည်ပေးအပ်ရန် ဒေသခံ ကျေးရွာ ၇ ရွာ ယနေ့ နိုင်ငံတော်သမ္မတထံ စာဖြင့်တောင်းဆို လိုက်သည်။
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ကျေးရွာများရှိ စုစုပေါင်း နယ်မြေ (၄၂၉၃၁၀၂.၉၆) ဧက ကို နိုင်ငံတော်အစိုးရမှ Wildlife Conservation Society (WCS) အဖြစ် ၂၀၀၄ တွင် သတ်မှတ်လိုက်သည့်အတွက် ဌာနေတိုင်းရင်းသားများ၏ လယ်ယာမြေ၊ ဥယျာဉ်ခြံ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်စားကျက်မြေများကို လက်လွတ်ဆုံးရှုံးခဲ့ရသည်ဟု တောင်းဆိုချက်က ဆိုသည်။
နိုင်ငံတော်သမ္မတထံ တောင်းဆိုသည့်ကျေးရွာ ၇ ရွာ မှာ လဂျားဘွမ်ကျေးရွာ၊ ဒရိန်ကောင်ရာ ကျေးရွာ၊ နောင်းလုန်ကောင်ရာ ကျေးရွာ၊ တိန်းကောက်ကျေးရွာ၊ ဝါရာဇွပ်ကျေးရွာ၊ နောင်းမီ ကျေးရွာ နှင့် မန်ပန် ကျေးရွာ စသည်တို့ဖြစ်ပါသည်။ ဟူးကောင်းဒေသအတွင်း ကျေးရွာ စုစုပေါင်း ၂၅ ရွာ ရှိသည်။
“ဒီမှာက စက်မှုမထွန်းကားတဲ့အတွက် ကျွဲ၊ နွား ကိုပဲ အသုံးပြုတယ်။ စားကျက်မြေမရှိတော့ တိရစ္ဆာန်အကောင်ရေ တစ်ရက်ထက် တစ်ရက်လျှော့နည်းလာတယ်။” ဟု ဝါရာဇွပ်ကျေးရွာမှ ဒေသခံ ဦးလရှီးအောင်လတ် ပြောဆိုပါသည်။
ဒေသခံများ၏ မြေယာများကို ၂၀၀၄ ခုနှစ် WCS နယ်မြေအဖြစ် သတ်မှတ်ခဲ့သောကြောင့် စားကျက်မြေ ပျောက်ဆုံးခဲ့ရပြီး ၂၀၀၇ တွင်တစ်ကြိမ် ယုဇန ကုမ္ပဏီ ထပ်မံဝင်ရောက်ကာ လုပ်ကိုင်လာသောကြောင့် ဒေသံများနှင့် ယနေ့အထိ မြေယာ ပြဿနာ ဖြစ်နေဆဲ ဖြစ်သည်။
ထို့ကြောင့် မြေသိမ်းမှု ပြဿနာ နှင့် ပတ်သက်ပြီး ဒေသခံများမှ သမ္မတထံ စာရေးသားတောင်းဆိုမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲများလည်း ပြုလုပ်ခဲ့ပြီဟု ဦးလရှီးအောင်လတ် ထပ်မံ ပြောပြပါသည်။
လုပ်ကိုင်စားသောက်ရန် တိရစ္ဆာန်မွေးမြူရန် နေရာမရှိတော့သည့် ဟူးကောင်းဒေသခံများသည် ၂၀၁၇ မှ စတင်ပြီး မိမိတို့ ကျေးရွာနယ်မြေများတွင် ‘မကျူးကျော်ရ’ ဆိုင်းဘုတ်များ ထောင်ကာ စုပေါင်းအင်အားဖြင့် ကျေးရွာပိုင် စားကျက်မြေများ သတ်မှတ်လာသည်ကို တွေ့ရပါသည်။
“ကျနော်တို့က ကျွဲ၊ နွားကိုပဲ အဓိကထားပြီး လုပ်ကိုင်စားသောက်ရေး၊ စီးပွားရေး တွေမှာ အသုံးပြုတယ်။ ပြီးတော့ ရွာတစ်ရွာမှာ စားကျက်မြေ လိုအပ်တယ်။ အခု စားကျက်မြေမရှိတော့ ရွာတွင်းမှာပဲ ကျောင်းရတယ်။ ဆိုတော့ ပြဿနာတွေတက်တယ်။ ကျွဲ၊ နွားရှိမှ ကလေးတွေ ကျောင်းတက်၊ ဆေးရုံတက်နိုင်မယ်။ ဒါကြောင့် စားကျက်မြေက အရေးကြီးတယ်။” ဟု ရှင်ဗွေယန်မြို့နယ်ခွဲ လဂျားဘွမ်ကျေးရွာမှ ဦးဇင်မောင် ပြောပါသည်။
ထို့အပြင် လွန်ခဲ့သည့် စက်တင်ဘာလ အစိုးရမှ အသစ်ပြန်လည်ပြင်ဆင် ပြဌာန်းလိုက်သော မြေလွတ်မြေလပ် မြေရိုင်းဥပဒေကိုလည်း အမြဲတမ်းကန့်ကွက်သွားမည်ဟု ဟူးကောင်းဒေသခံများ ပြောပါသည်။
နိုင်ငံတော်သမ္မအနေဖြင့် ဌာနေတိုင်းရင်းသားတောင်သူလယ်သမားများအတွက် ပင်မအသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သော မွေးမြူရေးအတွက် စားကျက်မြေကို သတ်မှတ်ပေးရန် မျှော်လင့်ကြောင်း ဦးလရှီးအောင်လတ် ထပ်မံ ပြောဆိုပါသည်။
“သမ္မတထံ စာရေးတင်လိုက်ပြီဖြစ်တဲ့အတွက် တောင်းတဲ့အတိုင်း ပေးမယ်လို့ ယုံကြည်တယ်။ ဘာလို့ဆိုတော့ ကျေးရွာတစ်ခု အင်္ဂါရပ်အတိုင်း ကျနော်တို့ လိုအပ်တယ်။ တကယ်လို့ အစိုးရမပေးဘူးဆိုရင်တော့ ကျနော်တို့မှာ အသက်ဆက်ဖို့ ခက်ခဲပါတယ်။”







