သံတွဲမြို့တွင် ညဈေးတည်ဆောက်ရန် မြေနေရာရှင်းလင်းနေပြီ

သံတွဲမြို့တွင် ညဈေးတည်ဆောက်ရန် မြေနေရာရှင်းလင်းနေပြီ

နာမည်ကျော် ငပလီ အပန်းဖြေ ပင်လယ်ကမ်းခြေတည်ရှိရာ သံတွဲမြို့တွင် ညဈေး တည်ဆောက်ရန် အတွက် ယခုအခါ မြေနေရာကို ရှင်းလင်းနေပြီ ဖြစ်သည်ဟု သတင်းရရှိသည်။

ညဈေးတည်ဆောက်မည့် နေရာမှာ  သံတွဲမြို့အဝင် ဒွါရာဝတီတံတား၏ လက်ယာဘက်ခြမ်း အားကစားကွင်းနှင့် လမ်းမကြီး အကြား မြေကွက်လပ်တွင်ဖြစ်ပြီး မြေဧရိယာမှာ အလျား ၃၁၅ ပေနှင့် အနံ ၇၅ ပေ အကျယ်ရှိသည်ဟု ညဈေးအား တာဝန်ယူတည်ဆောက်မည့် ရွှေခိုင်သဇင်ကုမ္ပဏီမှ ဦးထွန်းသန့်ကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ ညဈေးဆိုတဲ့အတိုင်း အထိုင်အဆောက်အဦးတွေ တည်ဆောက်မှာ မဟုတ်ဘူး။ ဈေးသည်တွေက လက်တွန်းလှည်းတွေနဲ့ ဖြစ်ဖြစ်၊ ကားတွေနဲ့ ဖြစ်ဖြစ် လာရောက်ရောင်းချကြမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းသန့်ကျော်က ပြောသည်။

သံတွဲမြို့တွင် ညဈေးတည်ဆောက်ရန် ရွှေခိုင်သဇင်ကုမ္ပဏီနှင့် သံတွဲဒေသခံ ၉၀ ဦးတို့က  သဘောတူ လက်မှတ်ရေးထိုး၍ သံတွဲမြို့အားကစားကွင်းနှင့် လမ်းမကြီးအကြားမြေကွက်လပ်တွင် ဈေး တည်ဆောက်ခွင့် ပြုရန် သြဂုတ်လတွင်းက ခရိုင်အုပ်ချုပ်ရေးမှူ းထံသို့စာတင်ထားရာ ခရိုင် အုပ်ချုပ်ရေးမှူးမှ မြေရာဇဝင်နှင့် လုပ်ထုံးလုပ်နည်းများ စိစစ်ပြီး ပြည်နယ်အစိုးရထံသို့တစ်ဆင့် တင်ပြခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် အစိုးရမှ ယခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ကတည်းက ညဈေးတည်ဆောက်ရန် ခွင့်ပြုချက် ပေးခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့က ဒီညဈေးရဲ့ သဘောသဘာဝအတိုင်း အထိုင်အဆောက်အဦးတွေ မဆောက်တော့ဘူး။ အလွတ်ပေါ့။ တွန်းလှည်းတွေနဲ့ တင်ပြီး ရောင်းတာမျိုးတွေပေါ့။ ပြီးတော့ ဒီဈေးကို စနစ်တကျ စည်းကမ်း ရှိတဲ့ ဈေးတစ်ခုအဖြစ် လုပ်သွားမယ်။ ဒီမှာ Traditional ကျတဲ့ ရိုးရာ အစား အသောက်တွေ ရောင်းတာတွေရှိမယ်။ ဒေသထွက် ပစ္စည်း အရောင်းဆိုင်တွေ ရှိမယ်။ ဒါဆိုရင် ဒီဒေသ ကိုရောက်လာတဲ့ နိုင်ငံခြားဧည့်သည်တွေနဲ့ ပြည်တွင်းက လာရောက်တဲ့ ဧည့်သည်တွေရဲ့ အားပေးမှုလည်း ရှိလာမယ်။ ပြီးတော့ သုံးဘီးနဲ့ ဆိုင်ကယ်ကယ်ရီသမားတွေအတွက် ခရီးသည်ပို့စရာနေရာတစ်ခု ဖြစ်လာမယ်။ အဓိကတော့ ဒေသအတွင်းက လူထုတွေအတွက် အကျိုးတွေ ရှိလာမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်”ဟု ဦးထွန်းသန့်ကျော်က ဆက်ပြောသည်။

ယခုကဲ့သို့ သံတွဲမြို့တွင် ညဈေးတစ်ခု ပေါ်ပေါက်လာခြင်းမှာ မြို့သူ မြို့သားများ၊ အစိုးရတာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

Most read this week

စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...