ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ရခိုင်ပြည်နယ် စစ်တွေခရိုင်တရားရုံးတွင် စွဲချက်တင်ခံထားရသည့် နိုင်ငံတော်ပုန်ကန်မှု (၁၂၂) နှင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု (၅၀၅) အမှုနှစ်ခုလုံးကို ပယ်ဖျက်ပေးရန်အတွက် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လျှောက်လဲချက် တင်သွင်းသွားမည်ဟု သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်အပြီးတွင် ဒေါက်တာအေးမောင်ရှေ့နေနှင့် ဒေါက်တာအေးမောင်တို့က သတင်းထောက်များအား ယင်းသို့ ပြောကြားသွားခြင်းဖြစ်သည်။
“ဒီကနေ့ဒေါက်တာအေးမောင်တို့ အမှုအခြေအနေက ပြည်နယ်တရားလွှတ်တော်မှာပေါ့နော စွဲချက်ကို ဖျက်ဖို့အတွက် ပြင်ဆင်ဖို့တင်တယ်။ စွဲချက်တင်ထားတဲ့ ၁၂၂ နဲ့ ၅၀၅ နှစ်ခုလုံးကို ပယ်ဖျက်ပေးဖို့အတွက် ၂၇ မှာ လျှောက်လဲချက်ပေးရမယ်။ ဆရာတို့ကတော့ လျှောက်လဲချက် အကောင်းဆုံးပေးနိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်”ဟု ဒေါက်တာအေးမောင်၏ ရှေ့နေ တစ်ဦးဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်ကျော်ညွန့်က ပြောသည်။
စွဲချက်တင်ခံထားရသည့် အမှုနှစ်ခုကို ရင်ဆိုင်ရန် လမ်းကြောင်းနှစ်ခုဖြင့် ဆောင်ရွက်နေသည်ဟု သိရသည်။
“အမှုအခြေအနေက ကောင်းပါတယ်။ ကျနော်တို့က နှစ်လမ်းသွားတာပေါ့။ ပထမတစ်ကြောင်းက ဥပဒေကြောင်းအရ မမြောက်ဘူးဆိုတာကို ရှေ့နေတွေက လျှေက်လဲချက်ပေးပါမယ်။ ဒုတိယတစ်ချက်က အကြောင်းအရာပိုင်းအရ မမြောက်ဘူး အဲ့ဒီနှစ်ခုနဲ့ သွားပါတယ်။ အဲ့ဒါက ၂၇ ရက်နေ့မှာ နှစ်ဘက်လျှောက်လဲချက်ပေးမယ် ”ဟု ဒေါက်တာအေးမောင်က ပြောသည်။
အဆိုပါ ၂၇ ရက်နေ့တွင် ကြားနာပြီးနောက် နှစ်ပတ်သို့မဟုတ် သုံးပတ်အတွင်း ရခိုင်ပြည်နယ် တရားလွှတ်တော်ဘက်က ဒီကရီအမိန့်တစ်ခုခု ချပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသွားသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အတွက် ကျင်းပပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားရာတွင် ဒေါက်တာအေးမောင်က “ကျနော့်သားရဲ့ အောင်ပွဲဟာ ကျနော့်အာင်ပွဲပဲ။ ရခိုင်ဦးဆောင်ပါတီရဲ့ အောင်ပွဲလည်းဖြစ်တယ်။ ၂၀၂၀ မှာ ရခိုင်တစ်ပြည်လုံးကို ဦးဆောင်ဖို့ ရည်မှန်းထားတဲ့ပါတီ၊ အဲ့ဒီပါတီကို ကျနော်တို့ အကုန်လုံး ဖွဲ့စည်းထားပြီးပြီ”ဟု ပြောကြားသွားခဲ့သည်။
အဆိုပါဦးဆောင်ပါတီကို ပါမောက္ခအငြိမ်းစားများ၊ ရှေ့နေကြီးများ၊ အင်ဂျင်နီယာကြီးများ၊ နိုင်ငံခြား ဘာသာပြန် ပုဂ္ဂိုလ်များ၊ တက္ကသိုလ်မှ အင်္ဂလိပ်စာပြ ဆရာမများ၊ လူငယ်များနှင့် ခြားဌာနဆိုင်ရာ ဝန်ထမ်းအငြိမ်းစားပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသွားမည်ဟု သိရသည်။
“ကျနော်တို့ နိုင်ငံရေးစကားပြောရတာ လွယ်တယ်၊ ဆန္ဒပြရတာလွယ်တယ်။ ဒါပေမယ့် ဘယ်လို အုပ်ချုပ်ရေးပုံစံနဲ့ အုပ်ချုပ်မှာလဲ၊ စီးပွားရေး ဘယ်လိုလုပ်မှာလဲ၊ ဘယ်လို ဗျူဟာချက်ပြီးခါမှ စီမံချက် ချပြီးခါမှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်။ အဲ့ဒီပညာအင်မတန်ခက်တယ်။ Public Administration ခေါ်တာပေါ့”ဟု ဒေါက်တာအေးမောင်က ပြောသည်။
နိုင်ငံရေးတစ်ခု ရှေ့ရောက်ရန် စီးပွားရေးအခြေခံ မူဝါဒတစ်ရပ်ကို ချမှတ်ရန်လိုအပ်သည့်အတွက် အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ လိုအပ်သည်ဟု ဒေါက်တာအေးမောင်က ပြောကြားသွားခဲ့သည်။







