နိုင်ရွှေကျင်ဖောင်ဒေးရှင်းမှ တက္ကသိုလ်ပညာသင်ကြေး ထောက်ပံ့မည်

နိုင်ရွှေကျင်ဖောင်ဒေးရှင်းမှ တက္ကသိုလ်ပညာသင်ကြေး ထောက်ပံ့မည်
နိုင်ရွှေကျင်ဖောင်ဒေးရှင်းမှ ပညာသင်စရိတ် ချီးမြှင့်နေပုံ(photo: MNA)
နိုင်ရွှေကျင်ဖောင်ဒေးရှင်းမှ ပညာသင်စရိတ် ချီးမြှင့်နေပုံ(photo: MNA)

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများအတွက် တက္ကသိုလ်တွင် ပညာသင်ကြားရန် နိုင်ရွှေကျင်ဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည့်အစီအစဉ်ရှိကြောင်း သိရသည်။

ပထမနှစ်ဝင်ခွင့်ရရှိသည့် တက္ကသိုလ်ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေး ပေးသွားမည်ဖြစ်ပြီး လျှောက်လွှာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း နိုင်ရွှေကျင်ဖောင်ဒေးရှင်း အတွင်းရေးမှူး နိုင်ကောင်းလဝီက ပြောသည်။

နိုင်ကောင်းလဝီက “ကျွန်တော်တို့ ထောက်ပ့ံကြေး ပေးလာတာ ၃ နှစ်ရှိပြီ။ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင် ရည်ရွယ်ချက်ထားရှိခဲ့တဲ့အတိုင်း မွန်လူငယ်တွေကို စာတော်စေချင်တယ်။ ရှေ့ဆောင်လမ်းပြ ဖြစ်စေချင်တယ်။ ကျွန်တော်တို့အနေနဲ့ သူရည်ရွယ်ချက် တစ်စိတ်တပိုင်းကို ဖြည့်ဆည်းပေးဖို့ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေထဲက မေဂျာ ၅ ခုကို ရွေးချယ်ပြီး ထောက်ပံ့ပေးသွားမယ်” ဟု ဆိုသည်။

ပညာသင်စရိတ် တစ်နှစ်စာအတွက် ငွေကျပ် ၄ သိန်းထောက်ပံ့သွားမည်ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေးလျှောက်ထားသူသည် ရှေးဟောင်းသုတေသန၊ သမိုင်း၊ ပထဝီဝင်၊ မြန်မာစာနှင့် အရှေ့တိုင်းပညာဘာသာရပ်ကို သင်ကြားမည့်သူ၊ မွန်တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားခဲ့သူ၊ မွန်စကားပြောဆိုနိုင်သူ ဖြစ်ရမည်ဟူသည့် စည်းကမ်းချက်များ ပါရှိသည်။

သို့ရာတွင် “သူတို့ထောက်ပံ့ထားပြီးဆိုပေမယ့် စာမေးပွဲရှုံးရင် ဆက်မပေးတော့ပါဘူး။ အောင်ရင်တော့ ဆက်ပေးသွားမယ်။ ကြိုးစားလို့ ဂုဏ်ထူးတန်းအထိ ရောက်ရင်လည်း ဆက်ပေးမယ်လို့ သူတို့ပြောထားတယ်” ဟု ၂၀၁၆ ခုနှစ်မှ ပညာသင်ထောက်ပံ့ကြေး စတင်ရရှိထားသူ မိနွန်သယ်ပွန်က ပြောသည်။

နိုင်ရွှေကျင်ဖောင်ဒေးရှင်းမှ ၂၀၁၆ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားတစ်ဦး၊ ၂၀၁၇ ခုနှစ်တွင် ကျောင်းသား နှစ်ဦး ထောက်ပံ့ပေးခဲ့ပြီး ယခုနှစ်တွင်လည်းနှစ်ဦးထက်မနည်းကိုလည်း စိစစ်ရွေးချယ်ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင် ကွယ်လွန်ခဲ့သော မတ်လ ၇ ရက်နေ့တွင် အောက်မေ့ဖွယ်အထိမ်းအမှတ်ကျင်းပပြီး ပညာသင်ထောက်ပံ့ငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ရွှေကျင်၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် သူ၏တပည့်သားသမီးများက ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဖောင်ဒေးရှင်းတည်ထောင်ပြီး လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...