ကျောက်ဖြူ SEZ တည်ဆောက်ရန် မြေယာအမျိုးအစား ပြောင်းလဲသတ်မှတ်မည်ဖြစ်၍ ကန့်ကွက်နိုင်ကြောင်း အစိုးရ ကြေညာချက်ထုတ်

ကျောက်ဖြူ SEZ တည်ဆောက်ရန် မြေယာအမျိုးအစား ပြောင်းလဲသတ်မှတ်မည်ဖြစ်၍ ကန့်ကွက်နိုင်ကြောင်း အစိုးရ ကြေညာချက်ထုတ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ မြေဧက (၈၆. ၂၇) ဧကအား မြေယာအမျိုးအစား ပြောင်းလဲ သတ်မှတ်မည် ဖြစ်သဖြင့် ကန့်ကွက်လိုသူများသည် အောက်တိုဘာ ၂၆ ရက်နေ့ကို နောက်ဆုံးထား ကန့်ကွက်နိုင်ကြောင်း အစိုးရမှ ကြော်ငြာစာ ထုတ်ပြန်လိုက်သည်ဟု သိရသည်။

၎င်းကြော်ငြာစာအား ယခုလ ၁၂ ရက်နေ့စွဲဖြင့် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးသန်းထွဋ်ဦး( ကော်လိတ္တော်အရာရှိ) အမည်ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

ကြော်ငြာစာထဲတွင် ကျောက်ဖြူမြို့နယ် ကျေးရွာအုပ်စု (၅) အုပ်စု၊ ကွင်း(၇)ကွင်း၊ မြေကွက် (၁၇) ကွက်ရှိ မြစ်ချောင်းရေအောက်မြေဧရိယာ(၈၆.၂၇) ဧကအား ကျောက်ဖြူ SEZ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ စက်မှုစီးပွား မြေငှားဂရန် လျှောက်ထားလာကြောင်း၊ လျှောက်ထားလာမြေနေရာအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကန့်ကွက်စရာမရှိကြောင်း အကြောင်းပြန်ကြားထားပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီးပွားရေးအတွက် အကျိုးငှာ မြစ်ချောင်းရေအောက်မြေမှ အစိုးရ စီမံခန့်ခွဲနိုင်သော မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်သွားမည် ဖြစ်သဖြင့် ကန့်ကွက်လိုသူများရှိပါက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့် ဖြစ်စေ ပိုင်ဆိုင်မှု အထောက်အထားများဖြင့် ကန့်ကွက်နိုင်ကြောင်း ရေးသားထားသည်။

မြေနယ်နမိတ်မှာ အရှေ့ဘက်တွင် ဆင်ဘုတ်၊ ဦးကင်း၊ သိုင်းချောင်း၊ မင်းပြင်၊ ကြတ္တိန် ကျေးရွာ အုပ်စုများဖြစ်ပြီး အနောက်ဘက်တွင် ချောင်းဝ၊ ကပ်သပြေ၊ ကြတ္တိန်အုပ်စုများထိဖြစ်သည်။ တောင်ဘက်တွင် မင်းပြင်၊ သိုင်းချောင်း၊ ဒိုးမတောင်အုပ်စုများနှင့် မြောက်ဘက်တွင် ကန္ဒီး၊ ကပ်သပြေ၊ ဦးကင်းအုပ်စုများ ဖြစ်ကြသည်။ 

သတ်မှတ်ထားသောရက်ထက် ကျော်လွန်ပြီး ကန့်ကွက်စာ တင်သွင်းလာပါက လက်ခံ စဉ်းစားမည် မဟုတ်ကြောင်းလည်း စာထဲတွင် ရေးသားဖော်ပြထားသည်။ 

ယခုကဲ့သို့ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ကြော်ငြာချက်ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ဒေသအတွင်းမှ တောင်သူလယ်သမားတစ်ဦးဖြစ်သူ ဦးစောမောင်နုအား နိရဥ္စရာ သတင်းဌာနမှ ယနေ့နံနက်က ဆက်သွယ်ရာ သူက “ အခု သိမ်းမယ့် မြေထဲမှာ ကျနော်ပိုင်တဲ့ မြေ ၇ ဧကကျော်ပါနေပါတယ်။ ဒီလို မြေတွေကို သိမ်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး လျော်ကြေးပေးမလား၊ မပေးဘူးလား။ ကျနော်တို့ လယ်သမားတွေကို တစ်စုံတစ်ရာ ခေါ်ယူညှိနိုင်းတာမျိုးလည်း မရှိပါဘူး။ ဒီတော့ ကျွန်တော်လယ်သမားတွေ အနေနဲ့ မနက်ဖြန်မှာ ကျောက်ဖြူကို သွားရောက်ပြီး ကန့်ကွက်စာ တင်သွင်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ ယခုမြေမှာ SEZ စီမံကိန်းတွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန်ဖြစ်ပြီး မြစ်ချောင်း ရေအောက်မြေနေရာများသာ ဖြစ်ပြီး ကုန်းမြေများ မပါဝင်ကြောင်း ပြောဆိုသည်။

“ အခုက ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဆိပ်ကမ်းဆောက်မယ့် ချောင်း၊ မြစ်ပြင် ရေအောက် မြေနေရာဖြစ်ပါတယ်။ ကုန်းမြေ မဟုတ်ပါဘူး။ ချောင်းမြေတွေသာ ဖြစ်ပါတယ်။ ဘယ်လိုလုပ်ပြီး လယ်သမားတွေ မြေပါမလဲ။ ဒါပေမယ့် ကန့်ကွက်လိုသူရှိမယ်ဆိုရင်လည်း ကန့်ကွက်နိုင်ပါတယ်။ လယ်သမားတွေပိုင်တဲ့ လယ်မြေတွေဆိုရင်တော့ ညှိနိုင်းပြီးမှ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...