မြောက်ဦးမြို့တည်လေးမျက်နာပုထိုးတော်ကြီးအတွင်းရှိ ဘုရားဆင်းတုတော်များဖျက်ဆီးခံရ

မြောက်ဦးမြို့တည်လေးမျက်နာပုထိုးတော်ကြီးအတွင်းရှိ ဘုရားဆင်းတုတော်များဖျက်ဆီးခံရ
ဘုရားဆင်းတုတော်များဖျက်ဆီးခံရဓာတ်ပုံ/မင်းကို-မြောက်ဦး
ဘုရားဆင်းတုတော်များဖျက်ဆီးခံရဓာတ်ပုံ/မင်းကို-မြောက်ဦး

ရခိုင်ဘုရင်မင်းစောမွန် တည်ထားခဲ့သည့် မြောက်ဦးမြို့တည် လေးမျက်နာ ပုထိုးတော်ကြီးအတွင်းရှိ ဘုရားဆင်တုတော်များဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

ရှေးဟောင်းအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က “ ဘုရားက ဆင်းတု တစ်ဆယ်ကျော်လောက် ဖျက်ဆီးခံပါတယ်။ ဆင်းတုတော်နှစ်ဆူကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားပါတယ်။ ဆင်းတုတော်တွေကို အမာတစ်ခုခုနဲ့ ထုပြီးဖျက်ဆီးသွားတာပါ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

မည်သူက ထုခွဲဖျက်ဆီးသည်ကိုမသိရကြောင်း၊ ရွာသားများအပြောအရ အောက်တိုဘာ ၁၇ ရက် ညဉ့်က ဖျက်ဆီးခံရသည်ဟု ပြောကြောင်း၊ ဤကိစ္စနှင့် ပတ်သက်ပြီး ရှေးဟောင်းသုတေသနသို့လည်း တိုင်ကြားထားကြောင်း ဦးသန်းမြင့်က ပြောကြားသည်။

“ ဒီလေးမျက်နာ ပုထိုးတော်ကြီးက သမိုင်းအရ အလွန်အရေးပါတဲ့ ပုထိုးတော်ကြီးဖြစ်ပါတယ်။ အေဒီ ၁၄၃၀ မှာ မြောက်ဦးမြို့တည် ရခိုင်ဘုရင်မင်းစောမွန်က တည်ထားခဲ့တာ ဖြစ်ပါတယ်။ ဗိသုကာ လက်ရာ အလွန်ပြောင်မြောက်တဲ့ ပုထိုးတော်ကြီးဖြစ်သလို ဘုရားဆင်းတုတွေကလည်း အရမ်းသပ္ပါယ်ပါတယ်” ဟု ပြောကြားသည်။

လေးမျက်နာ ပုထိုးတော်ကြီးတွင် တံခါးရှိသော်လည်း တံခါးမှာပျက်စီးနေသဖြင့် အလွယ်တကူ ဝင်ရောက် ဖျက်ဆီးသွားနိုင်ကြခြင်း ဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရှစ်သောင်းဘုရား ဂေါပက ဥက္ကဋ္ဌ ဦးကျော်သိန်းသို့ ဆက်သွယ်ရာ ၎င်းဘုရားတွင် လုံခြုံရေး အာနည်းနေရာမှ ဝင်ရောက်ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ ဒီလေးမျက်နာဘုရားကို ကျွန်တော်တို့ ရှစ်သောင်းဘုရားဂေါပက ကိုင်တွယ်မှုအောက်မှာ မရှိပါ။ မြောက်ဦး ရှေးသု လက်အောက်မှာဘဲ ရှိပါတယ်။ တရားစွဲဆိုအမှုဖွင့်မလားဆိုတာကတော့ရှေး/သုကဘဲ သိမှာဖြစ်ပါတယ်။ မနေ့ကတော့ မြို့နယ် ထွေအုပ်က တာဝန်ရှိသူတွေရော၊ ရက်ကွပ်အုပ်ချုပ်ရေးမှူးရော လာရောက်ကြည့်ရှုသွားခဲ့ပါတယ်” ဟု ပြောကြားသည်။

မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သန်းထိုက်သို့ ဆက်သွယ်ရာ သူက “ လုံခြုံရေး အားနည်းတာကတော့ မှန်ကန်ပါတယ်။ ဘုရားတွေ အရမ်းများတော့ ဝန်ထမ်းအင်အားနဲ့ မလုံလောက်ဘူး။ နောင်မှာ ဝန်ထမ်းတွေခန့်ပြီး ဘုရားတွေကို စောင့်ရှောက်သွားနိုင်အောင် စီစဉ်ဆောင်ရွက်ဖို့တော့ ရှိနေပါတယ်” ဟု ပြောကြားသည်။

ယခု ရှေးဟောင်း ဘုရားဆင်းတုတော်များဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့သို့လည်း အကြောင်း ကြားသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်လည်း တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ရှေးဟောင်းသုတေသန ဦးစီးမှူး ဒေါက်တာသန်းထိုက်အပါအဝင် ရှေးဟောင်းအမွေအနှစ် စောင့်ရှောက်ရေ းအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်၊ ရှစ်သောင်း ဂေါပက ဥက္ကဋ္ဌ ဦးကျော်သိန်းတို့ မှ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်များမှ ဖျက်ဆီးခြင်းဟု ဒေသခံများမှ သံသယရှိနေကြကြောင်း ပြောဆိုပြီး ဟုတ် မဟုတ်ကို အသေအချာ လေ့လာ စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ကြောင်း နိရဥ္စရာမှ ဆက်သွယ်မေးမြန်းစဉ် ပြောကြားကြသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...