စစ်တွေဆေးရုံကြီးတွင် ဝန်ထမ်းမလုံလောက်၍ လူနာ ၁ဝဝတွင် ၄ယောက်နှုန်း သေဆုံးနေဟုဆို

စစ်တွေဆေးရုံကြီးတွင် ဝန်ထမ်းမလုံလောက်၍ လူနာ ၁ဝဝတွင် ၄ယောက်နှုန်း သေဆုံးနေဟုဆို
by -
စံမောင်သန်း

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆရာဝန်နှင့် သူနာပြုဆရာမများ လုံလောက်မှုမရှိ၍ လူနာ ၁၀၀ တွင် ၄ ယောက်နှုန်း သေဆုံးမှုရှိနေသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာကပြောသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒုတိယ တစ်နှစ်တာကာလ သတင်းစာရှင်းလင်းပွဲတွင် လူမှုရေးဝန်ကြီးက ယင်းသို့ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ဆေးရုံကြီးတွင် နှစ်စဉ်ပြင်ပလူနာ ၅ သောင်းကျော်နှင့် အတွင်းလူနာ ၂ သောင်းကျော် လက်ခံကုသနေရသည်ဟု သိရှိရသည်။

စစ်တွေဆေးရုံကြီးအတွက် ဝန်ထမ်းခွင့်ပြုထားသည်မှာ ၈၈၂ ဦးရှိပြီး ခန့်ထားသည်မှာ ၃၇၇ ယောက်သာ ခန့်ထားနိုင်သေးပြီး ဝန်ထမ်း လိုအပ်ချက် ၅၀၀ ကျော်ရှိနေကြောင်း၊ အထူးကုဆရာဝန်ကြီး ၃၅ ဦးခန့် ထားရမည်ဖြစ်သော်လည်း ၉ ဦးသာခန့်ထားနိုင်သေးကြောင်း၊ အထူးကုဆရာဝန်တွင် ၇၄ ယောက် ခွင့်ပြုထားရာတွင် ၁၀ ယောက်သာရှိသေးကြောင်း ဝန်ကြီးဒေါက်တာချမ်းသာက ပြောသည်။

“စစ်တွေဆေးရုံကြီးမှာ လက်ခံကုသနေရတဲ့ လူနာက များနေပြီး ဝန်ထမ်း မလုံလောက်တဲ့အတွက် လူနာ ၁၀၀ ကို လက်ခံကုသတဲ့နေရာမှာ ၄ ယောက်က အသက်ဆုံးရှုံးမှုရှိနေပါတယ်။ ကုတင်နဲ့ ဆရာဝန်အချိုးကို ပြောရရင် မညီမျှ ဖြစ်နေပါတယ်”ဟု လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

စစ်တွေဆေးရုံကြီးကို ၂၀၀ ကုတင်ဆံ့မှ ၅၀၀ ကုတင်ဆံ့ ဆေးရုံတစ်ရုံအဖြစ် ၂၀၁၅ ခုနှစ်တွင် သတ်မှတ်ခဲ့သော်လည်း အဆောက်အဦအနေဖြင့် လက်ရှိတွင် လူနာကုတင် ၂၀၀ ဆံ့ အဆင့်သာ ရှိနေသေးပြီး လူနာ ၄၀၀ ကို နေ့စဉ်လက်ခံကုသပေးနေရသည်ဟု ဆိုသည်။

“အခုဆောက်လုပ်နေတဲ့ လေးထပ် ဆောင်ကို ဆောက်လုပ်ပြီးသွားလို့ရှိရင် နောက်ကုတင် ၂၀၀ ဆံ့မှာဖြစ်ပြီး လာရောက်တဲ့လူနာအားလုံးအတွက် နေရာအဆင်ပြေသွားပါမယ်”ဟု ဝန်ကြီးက ပြောသည်။

ရခိုင်ပြည်နယ်၌ လမ်းပေါ်ယာဉ်မတော်တဆဖြစ်မှုက ယခင်နှစ်များထက် များပြားလာပြီး တတိယသေဆုံးမှု အများဆုံးဖြစ်သည်ဟု သိရသည်။

“ရခိုင်ပြည်နယ်မှာ သေဆုံးသူ နံပါတ် ၁ အများဆုံးက အရက်ကြောင့်ဖြစ်တဲ့ အသဲခြောက်ရောဂါပါ။ ဒုတိယ အများဆုံးကတော့ အဆုပ်ရောဂါနဲ့ တတိယအများဆုံးကတော့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူတွေ ဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

သတင်းမီဒီယာများအနေဖြင့် ကျန်မာရေးဌာန၏ လိုအပ်ချက်များကို ထောက်ပြဝေဖန် ရေးသားမှုများကို ပြုလုပ်ခြင်းအပြင် လူထုပညာပေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ရေးသားပေးဖို့ လိုအပ်ကြောင်း လူမှုရေးဝန်ကြီးက တိုက်တွန်း ပြောကြားသွားခဲ့သည်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...