ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးရန် ဆပ်ကော်မတီ တစ်ခုထူထောင်

ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးရန် ဆပ်ကော်မတီ တစ်ခုထူထောင်
by -
ဇေယျာမော်

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးရန် ဆပ်ကော်မတီတစ်ခုထူထောင်ပြီး ကနဦးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်ဟု အောက်တိုဘာ ၈ ရက်နေ့က နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

“လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် သတင်းအချက်အလက်နှင့် သက်သေ အထောက် အထားများကို စုဆောင်းစိစစ်ရန် ဆပ်ကော်မတီတစ်ခု ထူထောင်ပြီး ကနဦး လုပ်ငန်းများ စတင်ဆောင်ရွက် မည်ဖြစ်သည်” ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်တိုဘာ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်နှင့် နေပြည်တော်တို့တွင် အစည်းအဝေးများ ကျင်းပခဲ့ပြီးနောက် ယခုလို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ခဲ့သည့် မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင် ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းထွန်းညီ စသည့်သူများနှင့် ကော်မရှင်သည် တွေ့ဆုံဆွေးနွေးခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် စွပ်စွဲချက်များနှင့် ယင်းတို့နှင့် ဆက်စပ်နေသည့် ကိစ္စရပ်များအပေါ် စုံစမ်းစစ်ဆေးရန်အတွက် သဘောတူညီချက်တစ်ချို့ရရှိခဲ့သည်ဟုလည်း သိရသည်။

သို့သော်လည်း မည်သည့်အချက်များကို ဆွေးနွေးသဘောတူနိုင်ခဲ့သည် ဆိုသည့် အသေးစိတ်ကိုမူ ထုတ်ပြန် ချက်တွင် ဖော်ပြထားခြင်းမရှိပေ။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စတုတ္ထမြောက် အစည်းအဝေးကို ဒီဇင်ဘာလအတွင်းကျင်းပသွားမည်ဟု သိရှိရသည်။

အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် စွပ်စွဲချက်များနှင့် ယင်းတို့နှင့် ဆက်စပ်နေသည့် ကိစ္စရပ်များအပေါ် စုံစမ်းစစ်ဆေးရန်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို က ဥက္ကဋ္ဌ ၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမား ၊ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဟောင်း ဦးမြသိန်း ၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်  တို့က အဖွဲ့ဝင်အဖြစ် တာဝန်ယူရန် အစိုးရက ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...