ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နောက်ထပ် လူမှုရေး လူပ်ရှားဆောင်ရွက်နေသူ တစ်ဦးကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုရန် အမ်းမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူးကို ညွှန်ကြားလိုက်သည်ဟု သတင်းရရှိသည်။
အမ်းမြို့မ ရဲစခန်းမှူးအား နိရဥ္စရာမှ အောက်တိုဘာ ၇ ရက် တနင်္ဂနွေနေ့က ဆက်သွယ်မေးမြန်းစဉ် အမ်းဒေသခံ ကိုမျိုးလွင်အား ဂုံး(ခုံး) သေဆုံးမှုနှင့် မဟုတ်မမှန်သတင်းလွှင့်တင်သဖြင့် တရားစွဲထားကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အမ်းမြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၁ ရက်နေ့ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“ အခု ကိုမျိုးလွင်က ခေါ်ယူစစ်ဆေးဖို့ လုပ်နေပါတယ်။ ကာယကံရှင် ခရီးလွန်နေတယ်လို့ ပြောတဲ့ အတွက် ရဲစခန်းကို မလာနိုင်သေးဘူး။ သူရောက်လာရင်တော့ စတင် စစ်ဆေး မေးမြန်းမှုတွေ လုပ်သွားမှာပါ” ဟု ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင့်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် (ANREN- အမ်း) မှ ကိုမျိုးလွင်အား ဆက်သွယ်ရာ အောက်တိုဘာ ၆ ရက်နေ့က သူ့အား အမ်းမြို့မ စခန်းမှူးမှ ဖုန်းဖြင့် ဆက်သွယ်ပြီး ရဲစခန်းသို့ လာရောက်ရန် မှာကြားထားကြောင်း၊ သူ့အား တရားစွဲထားသည်ဟု ပြောကြားသော်လည်း မည်သည့်ကိစ္စဖြင့် တရားစွဲဆိုထားသည်ကို မပြောကြားကြောင်း၊ ရဲစခန်းရောက်မှ မည်သည့် အမှုဖြင့် တရားစွဲဆိုထားသည်ကို ပြောကြားမည်ဟု မြို့မရဲစခန်းမှ ပြောကြောင်း ပြောကြားသည်။
“ ကျွန်တော်ကို ဘယ်လိုအမှုနဲ့ တရားစွဲဆိုတယ်ဆိုတာ တရားဝင် မသိရသေးဘူး။ အခုက ခုံးတွေသေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောသံတွေတော့ ကြားပါတယ်။ ကျွန်တော်က သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အပေါ်မှာ၊ သယံဇာတတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတဲ့ အပေါ်မှာ အပြုသဘောဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရကို ချပြတာပေါ့နော်။ ပထမ တင်ပြတာပေါ့နော်။ စစ်ဆေးဖို့ လိုအပ်တယ်လို့ ပို့စ်ထဲမှာ ရေးထားတွေတော့ ရှိပါတယ်” ဟု သူက ပြောကြားသည်။
ယခုကဲ့သို့ ဂုံး(ခုံး)များ သေဆုံးမှုကို တင်ပြ၍ တိုင်ချက်ဖွင့်မည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပုဒ်မ ၃၉၀ (ခ) အရ နိုင်ငံသားတိုင်းသည် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ထိန်းသိမ်းရမည်၊ ကာကွယ်ရမည်ဟု ဆိုပြီး အခွင့်အာဏာပေးထားကြောင်း၊ အမှန်တကယ် ဂုံးကိစ္စနှင့် ပတ်သက်ပြီး တိုက်ချက်ဖွင့်သည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဆန့်ကျင်ဘက် လုပ်ရာရောက်ကြောင်း၊ ယခုလုပ်ရပ်မှာ သဘာဝပတ်ဝန်းကျင်လူပ်ရှားသူများအပေါ် အနာဂတ်တွင် ကြီးစွာသော စိန်ခေါ်မှု တစ်ခု အဖြစ် မှတ်ယူရမည်ဖြစ််ကြောင်း ကိုမျိုးလွင်က ပြောကြားသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် လောင်းချောင်း ချောင်းမှ ချောင်းတက် တစ်ခုဖြစ်သည့် တအိုးချောင်း (ဖုန်းထဲမှ ဖြစ်၍ အသံမကြည်လင်သဖြင့် ချောင်းနာမည် မှားနိုင်သည်) တွင် ဂုံး(ခုံး)များ သန်းနှင့် ချီပြီး သေဆုံးနေကြောင်း၊ သေဆုံးနေသော ဂုံး(ခုံး)မှာ တစ်ဧကခန့် ရှိသည့် ချောင်းကမ်းစပ်တွင် ပြန့်ကြဲနေကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ဂုံးများသေဆုံးမှုမှာ ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အပါအဝင် အမ်းမြို့နယ်၊ မြေပုံမြို့နယ်များတွင် ရေများနောက်ကျိမှု ဖြစ်စဉ်ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသော်လည်း အစိုးရဘက်မှ ထုတ်ပြန်ရာတွင် မိုးများပြီး ရေချိုဝင်ရောက်ရာမှ သေဆုံးခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
ဂုံး(ခုံး) ကောက်သူများတွင်လည်း အရေအပြားရောဂါ ဖြစ်ပွားသူများလည်းရှိကြောင်း သိရသည်။
ကိုမျိုးလွင်မတိုင်မီ ရခိုင်ပြည်နယ်တွင် ပြည်နယ်အစိုးရမှ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နှင့် ၆၈ (က) ဖြင့် တရားစွဲဆိုခံထားရသူ ၂ ဦးရှိပြီး ၎င်းတို့မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးနှင့် တောင်ကုတ်မြို့မှ ရခိုင့်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် (ANREN) အဖွဲ့ဝင် ဦးဇေယျာကျော်တို့ ဖြစ်ကြသည်။







